သတင်းဆောင်းပါး
(၁၄/၄/၂၀၂၁က ရေးသားခဲ့သည့်ဆောင်းပါးအား အနည်းငယ်ဖြည့်စွက်ပြီး ထပ်မံဖေါ်ပြခြင်းဖြစ်ပါသည်)
Charlie Wilson’ War …
Tom Hanks ခရေဇီတွေကတော့ Charlie Wilson’s War ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးကြပါလိမ့်မယ်။ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ပြောချင်တာက ရုပ်ရှင်မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်လေးကိုပါ။
Charlie Wilson (၁၉၃၃-၂၀၁၀)ဟာ ရေတပ်အရာရှိငယ်ဘ၀ကနေ အမေရိကန် ဒီမိုကရက်ပါတီက ကွန်ဂရက်အမတ်တဦးဖြစ်လာသူပါ။ Texas ပြည်နယ်ကနေ လွှတ်တော်သက်တမ်း ၁၂ ကြိမ် ဆက်တိုက်အရွေးခံခဲ့ရသူလည်းဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ လွှတ်တော်အမတ်အနေနဲ့ တာ၀န်ထမ်းခဲ့သူပါ။ အမေရိကန် ဆိုဗီယက် စစ်အေးပြိုင်ပွဲကာလမှာ နိုင်ငံရေးသမားဖြစ်လာသူလို့လည်း ပြောလို့ရပါတယ်။
သူလွှတ်တော်တာ၀န်ထမ်းနေချိန်မှာ နိုင်ငံတကာမှာ စစ်ရေး အယူအဆရေးရာ တိုက်ပွဲတွေ ပြင်းထန်တဲ့ကာလလည်းဖြစ်တာမို့ သူရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေး၊စစ်ရေး ကစားကွက်တွေကလည်း များလှပါတယ်။ အဲဒီအထဲက တခုကတော့ အာဖဂန်နစ္စတန် နိုင်ငံအရေးလည်းအပါအ၀င်ပါ။
အဲဒီအချိန်က အာဖဂန်ဟာ ကွန်မြူနစ် ဆိုဗီယက် လက်အောက် ရောက်နေချိန်ပါ။ ကွန်မြူနစ်တွေကို မူဂျာဟစ်ဒင် အဖွဲ့တွေက တော်လှန်တိုက်ခိုက်နေချိန်။ တိုက်တယ်ဆိုပေမဲ့ ဘာလက်နက်မှ မယ်မယ်ရရ ရှိတာမဟုတ်။ ပြောက်ကျားနည်းနဲ့ ရရာ ကိုင်စွဲ တိုက်နေရတဲ့အချိန်။ အထူးသဖြင့် ဆိုဗီယက်တင့်ကားတွေ ရဟတ်ယာဥ်တွေကို ဘယ်လိုမှ မယှဥ်နိုင်ကြဘူး။ ပါကစ္စတန်နိုင်ငံထဲကို ထွက်ပြေးခိုလှုံရတဲ့ အာဖဂန်စစ်ပြေး ဒုက္ခသည်တွေကလည်း သိန်းချီရှိနေတဲ့အခြေအနေ။ တဖက်သတ် ခံနေရချိန်ပေါ့။ တရက်မှာ အာဖဂန်ခလေးတွေ စစ်ပြေးဖြစ်ရ၊ ဘ၀ပျက်ရဖြစ်နေတဲ့ သတင်းတပုဒ်ကို Charlie က ဖတ်ရတော့ သူ စိတ်မကောင်းဖြစ်သွားတယ် (လက်ရှိ မြန်မာပြည်ကအခြေအနေသာ မြင်ရရင်တော့ ဘယ်လိုနေမလည်းမသိ။)

သူကိုယ်တိုင် ပါကစ္စတန်အစိုးရနဲ့ညှိပြီး နယ်စပ်ဒုက္ခသည်စခန်းတွေ သွားကြည့်တယ်။ ကွန်မြူနစ် ဆိုဗီယက်နဲ့ သူ့အလိုကျ အစိုးရအောက်မှာ ဘ၀ပျက်နေရတဲ့ ပြည်သူတွေကို ကွန်မြူနစ်နဲ့ ဝါဒရေးရာတိုက်ပွဲ၀င်နေတဲ့ အမေရိကန်က ဘာလို့ မကူညီရမှာလဲဆိုတဲ့ အတွေး၀င်လာတယ်။
နယ်စပ်ဒုက္ခသည်စခန်းတွေမှာ လိုက်မေးတော့ အားလုံးဆီက အဖြေတခုပဲ သူရခဲ့တယ်။ ငါတို့ကို လက်နက်ပေးပါ။ ရဟတ်ယာဥ်၊ လေယာဥ်နဲ့ တင့်ကားတွေရှိလို့ အနိုင်ကျင့်နေတာ။ အဲဒါတွေကို ပစ်ချလို့ရတဲ့ လက်နက်သာပေးပါ၊ ငါတို့ နိုင်မယ်ဆိုတဲ့ စကားပါ။
အာဖဂန်ရဲ့တောတောင်အနေအထားအရ နယ်မြေကျွမ်းတဲ့ အာဖဂန်တွေက တပန်းသာနေတယ်ဆိုတာ Charlie က သဘောပေါက်တယ်။ (ဒီကနေ့ အမေရိကန်တောင် မနဲတိုက်ရတာ သက်သေပါ။)
အဲဒီခရီးကအပြန်မှာတော့ အာဖဂန်တော်လှန်ရေးသမားတွေကို လက်နက်ပေးနိုင်ဖို့ သူကြိုးစားတော့တာပါပဲ။ အဲဒီကာလတွေက စီအိုင်အေမှာ ကွန်မြူနစ်တိုက်ဖျက်ရေးစီမံချက်တွေအတွက် ရံပုံငွေရှိတယ်။ (ဒီကနေ့ အမေရိကန်သမ္မတတောင်းတဲ့ တရုတ်နဲ့အားပြိုင်ဖို့ တရုတ်ကို ဖြိုခွဲဖို့ ဘီလျံ ၇၀၀ ကျော် ရန်ုံပုံငွေတောင်းတာမျိုး ဟိုတုန်းက ဆိုဗီယက်အုပ်စုပြုတ်ကျပြိုကွဲရေးရံပုံငွေ) ။
ကွန်မြူနစ်တိုက်ဖျက်ရေး ရန်ပုံငွေကနေ အာဖဂန်တော်လှန်ရေးသမားတွေကို လက်နက်ထောက်ဖို့ Charlie က နေ့မအား ညမအား ဆောင်ရွက်တယ်။ လွှတ်တော်နှစ်ရပ်လုံးက အရေးကြီးတဲ့အမတ်တွေကို ရအောင်စည်းရုံးတယ်။ အိမ်ဖြူတော်နဲ့ စီအိုင်အေကို ထိုးဖောက်တယ်။ အတိုချုပ်ရရင် သူလိုချင်တာ ရခဲ့တယ် ဆိုပါတော့။

လက်နက်တွေပို့ဖို့ ပါကစ္စတန်အစိုးရနဲ့ သူရအောင်သွားညှိတယ်။ ပါကစ္စတန်အစိုးရသိတာတမျိုး မသိတာတမျိုးနဲ့ အာဖဂန်တွေလိုချင်တဲ့ စတင်ဂါ ပုခုံးထမ်းဒုံးကျည်တွေရအောင် ပို့ပေးနိုင်ခဲ့တယ်။
အဲဒီမှာပဲ တိုက်ပွဲအခြေအနေဟာ ပြောင်းတော့တာပါပဲ။ ဆိုဗီယက်တင့်ကားတွေလည်း မလှုပ်နိုင်၊ လေကြောင်းကလည်း မတိုက်နိုင်၊ မြေပြင်မှာလည်း နယ်မကျွမ်း၊ ကဘူးမြို့မှာလည်း ဆန္ဒပြပွဲတွေဖြစ်နဲ့ နောက်ဆုံး ဆိုဗီယက်တပ်တွေ အကျအဆုံးများစွာနဲ့ အာဖဂန်ကနေ ဆုတ်ခွါသွားရတယ်။
ကွန်မြူနစ်အစိုးရလည်း ပြုတ်ကျတာပေါ့လေ (နောက်ပိုင်းဖြစ်ပျက်တဲ့ တာလီဘန်နဲ့ ဘင်လာဒင်အရေးတွေက သပ်သပ်ဖြစ်ရပ်။) အသေးစိတ် လေ့လာရင် စိတ်၀င်စားစရာ၊ သင်ခန်းစာယူစရာအပြည့်။
သေချာတာက မြန်မာနိုင်ငံဟာ ဒီကနေ့ ဆီးရီးယားလို၊ အာဖဂန်လို၊ လစ်ဗျားလို ဟိုတုန်းက ယူဂိုဆလားဗီးယားလို ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အခြေအနေတွေ ဖြစ်ရပ်တွေ အခင်းအကျင်းတွေက လုံး၀မတူပါဘူး။
အခု ပြောချင်တာက လက်နက်မဲ့ အာဖဂန်တော်လှန်ရေးသမားတွေက ဆိုဗီယက်တပ်ကိုတောင် ဘယ်လိုအနိုင်ချခဲ့လည်းဆိုတာကို ပြောချင်တာပါ။ အနိုင်ချဖို့ ထိုင်နေရုံနဲ့ မရပါဘူး။ အထူးသဖြင့် ပြည်ပရောက် CRPH ဟာ ခြေလှမ်းသွက်ဖို့လိုပါတယ်။ တရုတ်ပြုတ်ကျ ပြိုကွဲရေး စီမံချက်ထဲမှာ တရုတ်လွှမ်းမိုးတာခံနေရတဲ့ မြန်မာနိင်ငံလည်း ပါနေမှာပါ။ Charlie လို လွှတ်တော်အမတ်ကောင်းကောင်း အမြန်ရှာဖွေစည်းရုံးရပါမယ်။ အခုဆိုရင် အအေရိကန်လွှတ်တော်က မြန်မာ့ဒီမိုကရေစီကူညီဖို့ တရားဝင် ဥပဒေနဲ့ကို ပြဌာန်းနိုင်ဖို့ သမ္မတဘိုင်ဒန်ဆီပို့ထားပြီးပါပြီ။
မြန်မာ့အခြေအနေဟာ ဟိုတုန်းက အာဖဂန်လို သတင်းအတိုအစလောက် ထွက်နေတဲ့အဆင့်မဟုတ်ပါဘူး။ နေ့စဥ်သတ်ဖြတ်ခံနေရတာတွေက ကမ္ဘာသတင်းမီဒီယာတွေမှာနေ့စဥ်ပါနေတာပါ။ ဟိုတုန်းက မရှိခဲ့တဲ့ လူမှုကွန်ရက်မှာ အခုနေ့စဥ်မြင်နေကြတာပါ။ အားလုံးက အာရုံစိုက်နေကြတာပါ။ မြန်မာ့ပင်လယ်ပြင်နားမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ရေတပ်အုပ်စုတွေကလည်း တရုတ်လိုလို ဟိုလိုလိုနဲ့ ရစ်သီရစ်သီအသင့်ပါ။
ဘယ်သူမှ ပြည်တွင်းစစ်ဖြစ်တာမလိုချင်သလို သွေးထွက်သံယိုမှုတွေလဲ မလိုချင်ကြပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မဲ့ ပြည်တွင်းစစ်ကိုတော့ လူတိုင်းလိုချင်ကြပါလိမ့်မယ်။
တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တွေများတယ်ဆိုပေမဲ့ မြန်မာတိုင်းရင်းသားပေါင်းစုံတွေဟာ အတွေးအခေါ် အယူအဆ ရင့်ကျက်နေကြပါပြီ။ ဘာသာရေးအစွန်းရောက်ဆိုတာကလည်း အခုလက်ရှိ နိုင်ငံရေးကစားဖို့ စစ်အာဏာရှင်မွေးထားတဲ့ မဘသ ကလွဲရင် ဘယ်သူမှ မရှိပါဘူး။
အရာရာကို ဖျက်ဆီးနေတဲ့ ကင်ဆာဆဲလ်ဟာ စစ်အာဏာရှင်စနစ်ပါ။ ဒါကို အမြစ်ပြတ်ချေမှုန်းဖို့ အနုနည်းနဲ့မရရင် အကြမ်းနည်းကို သုံးကို သုံးရမှာပါ။ CRPH / NUG အနေနဲ့ အချိန်မီ Charlie Wilson လို လွှတ်တော်အမတ်နဲ့ အမြန်တွေ့ပါစေလို့ ဆန္ဒပြုပါတယ်။
(မောင်နွေဦး-၂၀ ဒီဇင်ဘာ ၂၀၂၁)