၂၃/ ၁၂/ ၂၀၂၁
မင်္ဂလာပါ။ BNN ပရိသတ်များခင်ဗျား… ဒီနေ့ ဆွေးနွေခန်းအတွက် ကျနော်ဖိတ်ခေါ်ထားသူကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews ဖြစ်ပါတယ်။ မေးမြန်းမယ့် အဓိကအကြောင်းအရာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က သွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအခြေအနေအပါဝင် မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေးနောက်ဆုံး အခြေအနေ၊ နောက် ကုလသမဂ္ဂက ဘာတွေ ဆောင်ရွက်ပေးနိုင်မလဲ…ဆိုတဲ့အကြောင်းတွေ ဖြစ်ပါတယ်။
၁- (BNN) မင်္ဂလာပါ- Tom Andrews …ပထမဆုံးကတော့ ခုနက နိဒါန်းမှာပါတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေဖြစ်ပါတယ်။ သူတို့ အိမ်ပြန်နိုင်မယ့်အခြေအနေကိုမပြောခင် အဲဒီက မြင်ကွင်းကို အရင်ဆုံးပြောပြပေးပါဗျ…။
(Tom Andrews) … ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာ လေယာဉ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးရဲ့ အခြေအနေကို လေ့လာကြည့်ရှုဖို့ ကျနော် စိတ်အားထက်သန်နေပါတယ်။ သူတို့ထဲက အများစုဟာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြသူတွေပါ။
ဒါက ကျွန်တော့်တာဝန်ပါပဲ။ သတင်းအချက်အလက်တွေကို အခြေခံတဲ့ စိစစ်တွေ့ရှိချက် နောက်ဆုံးအခြေအနေနဲ့အတူ အကြံပြုချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံ တင်ပြဖို့ပါ။ ဒီခရီးစဉ်ကာလက တိုတိုလေးပါ။ တပတ်ကျော်ကျော်လေးဆိုတော့ အားသွန်ကြိုးပမ်းရပါတယ်။ Cox’s Bazaar ခရိုင်ထဲက စခန်းတွေကို ခရီးထွက်ခဲ့ပါတယ်။
Bhasan Char ကျွန်း ခရီးက အသွားသုံးနာရီ၊ အပြန် သုံးနာရီဆိုတော့ ဒီကျွန်းဟာ ဘယ်လောက် ခေါင်တဲ့နေရာလဲဆိုတာ သဘောပေါက်နိုင်ပါတယ်။ အဲဒီကလူတွေ ဘယ်ကလာပြီး သူတို့ရည်မှန်းချက်ဆန္ဒက ဘာလဲဆိုတာ အတိအကျ နားလည်ဖို့ ကြိုးစားရင်း အချိန်ကုန်ခဲ့ပါတယ်။ သိပ်ကောင်းတဲ့ ခရီးစဉ်ပါ။ အသိအမြင်လဲ တိုးပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေအခြေအနေကို သိချင်တယ်ဆိုရင်တော့ အသေးစိတ်အချက်တချို့ကို ပြောပြနိုင်ပါတယ်၊ ကျနော်တို့ ဘယ်ကိုသွားပြီး ဘာတွေ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကျဉ်းချုပ်သုံးသပ်ချက်မျိုးပေါ့။

၂- (BNN) ကျနော်တို့သိရသလောက် အားလုံးတသန်းနီးနီးပေါ့။ ဒီရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အေဂျင်စီတွေက ဘယ်လိုကူညီပေးမှုတွေလုပ်ပေးထားပါသလဲ…
(Tom Andrews)… ဒုက္ခသည်အများစုက ကော့ဘဇားခရိုင်ထဲမှာပါ။ တကယ်တော့ ကျနော်က ကူးတူးပလောင်စခန်းကိုပဲ ရောက်ခဲ့တာပါ။ ဖျက်ဆီးခံထားရတဲ့ ဈေး အပါအဝင် နေရာအတော်များများကို သွားဖြစ်ပါတယ်။ ဆိုင်တချို့က ဖြိုဖျက်ခံထားရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ မိုဟီဘူလာရဲ့ ကျန်ရစ်သူ မိသားစုနဲ့လဲ စကားပြောဖြစ်ပါတယ်။ သူ့ဇနီးနဲ့ မိသားစုကိုပေါ့။
သူ့အဖွဲ့အစည်းရုံးခန်းကိုလဲ ရောက်ခဲ့တယ်။ သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့ နေရာမှာ ကျနော် ရပ်နေမိတယ်။ စခန်းထဲက ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ လုံခြုံရေး အခြေအနေကို ထင်ရှားစေတဲ့ အခြေအနေပါပဲ။ သူတို့ စိုးရိမ်နေတဲ့ လုံခြုံရေးကိစ္စအတွက် ပြောဖြစ်တယ်။
အခြေအနေတွေကတော့ စိန်ခေါ်မှုနဲ့ အခက်အခဲချည်းပဲ။ ထင်ရှားတဲ့ လိုအပ်ချက်တခုကတော့ ပညာသင်နိုင်ခွင့်ပဲ။ ရိုဟင်ဂျာ လူဦးရေ တဝက်ကျော်က အသက် ၁၈ နှစ်အောက်တွေလေ။ ပြီးတော့ ပညာရေးအတွက် အထောက်အပံ့က မလုံမလောက် ဖြစ်နေတာပါ။
လူငယ်တွေ ပညာသင်ယူနိုင်ခွင့်နဲ့ မြန်မာဘာသာ သင်ခွင့်ရဖို့ လိုတယ်၊ အတန်းသတ်မှတ်ချက်နဲ့ အောင်လက်မှတ်ရဖို့ လိုတယ်။ ဒါမှလဲ မြန်မာပြည်ကို ပြန်တဲ့အခါ အသုံးချနိုင်မဲ့ ပညာရေး အသိအမှတ်ပြုချက်ရမယ်။ ဒါတွေဟာ ရိုဟင်ဂျာအသိုက်အဝန်းအတွက် အရေးကြီး ဦးစားပေးကိစ္စတွေပဲ။
ရှေ့ပြေးစမ်းသပ် စီမံချက်တခုကို ကျနော် လေ့လာခဲ့ပါတယ်။ ကျောင်းသား လေးရာလောက်ကို မြန်မာဘာသာနဲ့ စာသင်ပေးနေတဲ့ ပညာရေးအစီအစဉ်ပေါ့။
ဒါပေမဲ့ အဲဒီလို စာသင်ချိန်က တပတ်လုံးမှာမှ နှစ်နာရီတည်းဆိုတော့ ကျောင်းသားတွေ လိုနေတာထက်၊ နဲနေတယ်ဆိုတာ ရှင်းရှင်းကြီး မြင်နေရတာပဲ။
ကျန်းမာရေး အပါအဝင် တခြားကိစ္စတွေမှာလဲ စိုးရိမ်စရာပဲ။ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကျောင်းကိစ္စတွေ လိုနေတယ်။ လူငယ်တွေ အရည်အချင်းမြှင့်တင်ရေးလဲ လိုနေတယ်။ ဒါမှလဲ လုပ်ငန်းခွင်ထဲ ဝင်နိုင်ပြီး သင့်တော်တဲ့ ဝင်ငွေ ရမှာပေါ့။ မြန်မာပြည် နေရပ်ရင်းကို ပြန်ရောက်တဲ့အခါ ဒါတွေက ပြန်လည်ထူထောင်ရေးအတွက် အခြေခံတွေပဲ။ ကျနော်တွေခဲ့တဲ့ ရိုဟင်ဂျာ အသိုက်အဝန်းမှာ တချို့တလေက လွဲလို့ အများစုရဲ့ ဆန္ဒက မြန်မာပြည်ကို ပြန်ရေးပဲ။
ဒီကိစ္စကလဲ လုံခြုံရေး စိတ်ချရပြီး ဂုဏ်သိက္ခာရှိတဲ့ နည်းလမ်းဖြစ်ရမဲ့အပြင် ရေရှည် အာမခံချက် ရှိဦးမှ ဖြစ်မြောက်လာမှာပါ။ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေက အဲဒီလို မဟုတ်ဘူးလေ။
၃- (BNN) ဟုတ်ကဲ့ အားလုံးကတော့ ကိုယ့်အိမ်ကို ပြန်ချင်ကြတာပေါ့။ ဒါပေမယ့် အခြေအနေတွေက မတည်ငြိမ်သေးဘူးဆိုတော့… လက်တွေ့ ပြန်နိုင်ဖို့ အစီစဉ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ကောင်စီတွေဖက်က လုပ်ထားတဲ့ တိကျတဲ့ အစီစဉ်တခုခုများ တွေ့မိပါသလား…
(Tom Andrews) … အခြေအနေက လုံးဝမဖြစ်နိုင်တဲ့အတွက် ပြန်သွားဖို့ အစီအစဉ် တိတိကျကျ မရှိသေးပါဘူး။ သူတို့ပြန်သွားနိုင်လောက်အောင် တရားမျှတပြီး ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင် အခြေအနေ ဖန်တီးဖို့အတွက် မြန်မာစစ်တပ်အပေါ် ပိုပြီး ပြင်းထန်အားကောင်းတဲ့ ဖိအားတွေ ပေးလာအောင် ကျနော်တို့ ဒီ့ထက်ဒီ ဆောင်ရွက်ဖို့လိုပါတယ်။
အဲသလိုမှ မဟုတ်ရင်တော့ ဖြစ်မလာနိုင်ပါဘူး။ အမှန်ဆိုရရင် ပြန်သွားဖို့ လုံခြုံစိတ်ချရပါတယ်လို့ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေက အာမခံပါတယ်ပဲ ထားပါတော့ … လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ တပ်တွေကို အမိန့်ပေးခဲ့တာလဲ ဒီလူပဲဆိုတော့ ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်မှာလဲလို့ သူတို့က ပြောကြပါတယ်။
ဒီလိုလူက ပြောတာကို ဘယ်လိုလုပ်ပြီး ယုံနိုင်မလဲ။ ပြန်နိုင်ပါပြီလို့ သူပြောဖူးတယ်ဆိုရင်ပေါ့။ ဘယ်လိုပဲ စဉ်းစားစဉ်းစား သူတို့အခြေအနေက မဟန်ပါဘူး။ သူတို့နေရတဲ့ အခြေအနေကခက်ခဲကျပ်တည်းပါတယ်၊ အဓိကကတော့ အိမ်နဲ့ဝေးနေတယ်။ သူတို့ဘက်က ကျွန်တော်တို့ ရပ်တည်ဖို့ လိုပါတယ်။ သူတို့ကို ပစ်မထားဘူး၊ မေ့မထားပါဘူးဆိုတာ သူတို့နားလည်အောင် လုပ်ရပါမယ်။
သူတို့ ဘယ်လိုနေရကနေ ထွက်လာရတယ်ဆိုတာ ကျနော် သိချင်ပါတယ်။ ဆိုလိုတာက စစ်တပ်လက်အောက်မှာ ဆိုးဆိုးရွားရွား အသက်ရှင်နေရတဲ့ မြန်မာပြည်သူတွေဘက်က အခိုင်အမာ ဆက်လက်ရပ်တည်ပြီး ကြိုးပမ်းအားထုတ်နေတယ်ဆိုတာ သေချာအောင်လုပ်ဖို့ လိုတယ်လို့ ပြောချင်တာပါ။ ဒီနှစ်ချက်က သိပ်အရေးကြီးပါတယ်။
၄- (BNN) ဒုက္ခသည်တွေ အိမ်မပြန်ခင်မှာ သူတို့အပေါ် လူ့ခွင့်အရေးချိုးဖောက်မှုကျုးလွန်ခဲ့တဲ့ စစ်အရာရှိတွေကို နိုင်ငံတကာဖက်က တခုခု အရေးယူဖို့မလိုဘူးလား။ နိုင်ငံတကာဖက်က ဘာတွေလုပ်ပေးနိုင်မလဲ…
(Tom Andrews) … ကောင်းပြီ၊ သူတို့လုပ်နိုင်တဲ့ အခြေခံနှစ်ချက်ရှိပါတယ်။ တခုက ပြည်ပြေး ဒုက္ခသည်တွေအနေနဲ့ အတော်အသင့် နေနိုင် လောက်တဲ့ အခြေအနေမျိုးဖြစ်အောင် အသေအချာ ထိန်းသိမ်းဆောင်ရွက်ဖို့ပါ။
ရိုဟင်ဂျာအသိုက်အဝန်းမှာ တွေ့ထားတဲ့ လိုအပ်ချက်တွေက … နံပါတ်တစ် လုံခြုံရေး။ နံပါတ်နှစ် ပညာရေး အခွင့်အလမ်း၊ သုံး၊ ကျန်းမာရေးစောင့်ရှောက်မှု။ လေး၊ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်း။ အထူးသဖြင့် Bhasan Char ကျွန်းမှာ နေနေရတဲ့ သူတွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ နားလည်မှုစာချွန်လွှာမှာ ဒီအချက်တွေ အခိုင်အမာ ထည့်သွင်းဖို့ အထူးသဖြင့် အကူအညီပေးရေး စေတနာ့ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ လိုပါတယ်။ အဲဒီအခြေခံမူတွေကို လေးစားလိုက်နာရမယ်။ အဲဒါတွေကတော့ ရိုဟင်ဂျာအသိုက်အဝန်းက ဖော်ထုတ်တင်ပြတဲ့ အရေးအကြီးဆုံး အချက်တွေပဲ။
၅- (BNN) ဟုတ်ကဲ့။ ကျနော်ဆိုလိုတဲ့ နိုင်ငံတကာအရေးယူမှုဆိုတာက ဒီလို ဒုက္ခသည်တွေကို ကူညီတာအပြင် ဒုက္ခသည်တွေအပေါ် ပြစ်မှုကျုးလွန်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူတာမျိုးပါ။ ဥပမာ အရင်က ICJ တရားရုံးတင်ထားတာမျိုးအပါဝင် အရေးယူမယ့်လုပ်ငန်းစဉ်တွေက ဘယ်လိုရှိပါသလဲ…
(Tom Andrews) … တာဝန်ခံမှုက အခရာကျပါတယ်။ ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကိုမဆို ကျူးလွန်နိုင်ပြီး လွတ်မြောက်သွားနိုင်တယ်လို့ ယုံကြည်သွားနိုင်တာဟာ တာဝန်ခံခြင်း ကင်းမဲ့မှုကြောင့်လို့ ကျနော်မြင်ပါတယ်။ တာဝန်ခံအောင် အရေးယူဖို့ အလွန်အင်မတန် အရေးကြီးပါတယ်။
နည်းလမ်းတွေ အများကြီးရှိပါတယ်။ တာဝန်ခံမှု ယန္တရားတွေ ရယူနိုင်ပါတယ်။ ဒီအခွင့်အလမ်းကောင်း အားလုံးထဲက ရွေးယူပြီး ဆုပ်ကိုင်ဖို့ပဲ။ ဒါတွေထဲက တခုက နိုင်ငံတကာ ရာဇဝတ်တရားရုံးပဲ။ နိုင်ငံအသီးသီးမှာလဲ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဥပဒေတွေ ရှိတယ်။ အဲဒါတွေက နောက်တစ်မျိုးဖြစ်မယ်။
IIMM မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားမှာ စနစ်တကျ စုဆောင်းအသင့်ပြင်ထားတဲ့ အချက်အလက်တွေကိုလဲ တရားရုံးတခုမှာ စနစ်တကျ အသုံးချနိုင်ပါတယ်။ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးလဲ ရှိသေးတယ်။ ဒါကတော့ ကျနော်ပြောခဲ့သလိုပဲ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုကို စုံစမ်းဖို့ အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်နည်းလမ်းတရပ်ဖြစ်ပါတယ်။
ဆိုတော့ ဒီယန္တရားအားလုံးက အရေးကြီးတယ်။ နောက်တချက်က စစ်တပ်အပေါ် ဖိအားတွေ တိုးပေးဖို့ လိုတယ်။ မြန်မာပြည်သူတွေအပေါ် ဆက်ပြီးကျူးလွန် နိုင်စေတဲ့ ဝင်ငွေအရင်းအမြစ်တွေကို ချုပ်ကိုင်ဖို့ပဲ။ လက်နက်တွေ ဝယ်နိုင်တဲ့လမ်းတွေကိုလဲ ဖြတ်ပစ်ရမယ်။ ဒါတွေက UN နဲ့ UN အဖွဲ့ဝင်နိုင်ငံတွေ လုပ်နိုင်တဲ့ကိစ္စတွေပါ။
BNN/Exclusive Interview