ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါထောမတ် ဂရင်းဖီးလ် ဟာ နိုဝင်ဘာ ၈ ရက် ဒီကနေ့မှာ ကိယက်ဗ်မြို့တော်ကို ရောက်ရှိလာပြီး ယူကရိန်း သမ္မတ ဇလန်စကီးနဲ့ တွေ့ဆုံပါတယ်။
ဇလန်စကီးနဲ့ မတွေ့ခင်မှာ သံအမတ်ကြီးဟာ စစ်ရာဇဝတ်မှု အထောက်အထားတွေကို စစ်ဆေးနေတဲ့ နိုင်ငံတကာ မှုခင်းဆေးပညာ ဓာတ်ခွဲခန်းကို သွားရောက်ပြီး တာဝန်ရှိ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးခဲ့ ကြောင်း ယူကရိန်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။




ရုရှားတပ်တွေအနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အရေးယူခံရခြင်းမရှိပဲ လွတ်မြောက်လိမ့်မယ်လို့ ယူဆမယ်ဆိုရင် အမှားကြီး မှားသွားလိမ့်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ အမေရိကန်သံအမတ်ကြီးဟာ ရုရှားတပ်တွေရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာကို ခံစားခဲ့ရတဲ့ ယူကရိန်းမိသားစုတွေနဲ့လည်း တွေ့ဆုံမေးမြန်း အားပေးခဲ့တယ်ဆိုပါတယ်။
အဲဒီနောက် သမ္မတ ဇလန်စကီးနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ရွေးကောက်ပွဲရလဒ်ဟာ ယူကရိန်းအပေါ် ကူညီပေးမှုတွေအပေါ် ထိခိုက်မှုမရှိဘူးဆိုတာကို ထပ်လောင်းအာမခံ ပြောကြားခဲ့တယ်လို့ ယူကရိန်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။