၁၀/၃/၂၀၂၂
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ (People Power Party) က Yoon Suk-yeol က အာဏာရ ဒီမိုကရက်ပါတီသမ္မတလောင်းကို ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့လို့ သမ္မတတာ၀န်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။
Yoon Suk Yeol ဟာဥပဒေပညာရှင်ဖြစ်သလို လက်ရှိသမ္မတအောက်မှာ ရှေ့နေချုပ်တာ၀န်ယူခဲ့ဘူးသူဖြစ်ပါတယ်။ Yoon Suk Yeol ကို လက်ယာယိမ်းနိုင်ငံရေးသမားလို့ တင်စားခေါ်ဝေါ်ကြတာမို့ တရုတ်နဲ့ မြောက်ကိုရီးယားအပေါ် သဘောထားတင်းမာသူပါ။ ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးမူဝါဒမေးမြန်းခန်းမှာ သူသမ္မတဖြစ်လာရင် တောင်ကိုရီးယားမြေပေါ်မှာ နျူကလီးယားလက်နက်တွေ ပြန်ချထားဖို့ အမေရိကန်ကို တောင်းဆိုမယ်လို့ပြောခဲ့ပါတယ်။ နျူကလီးယားလက်နက်တွေ ပြန်ချဖို့ သဘောမတူရင် Terminal High Altitude Area Defense (THAAD) ဒုံးကျည်တွေ လုံလောက်အောင်ချထားဖို့ တောင်းဆိုမယ်လို့ ပြောခဲ့သူပါ။

လက်ရှိ တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနဲ့ တရုတ်ကို အလျှော့ပေးလွန်းတယ်လို့ ဝေဖန်သူလည်းဖြစ်ပါတယ်။ အလျှော့ပေးလိုက်လျောမှုထက် တောင်ကိုရီးယားရဲ့ စစ်ရေးစွမ်းအားကို မြှင့်တင်ရမယ်လို့ ယုံကြည်သူလည်းဖြစ်ပါတယ်။ လက်ရှိအစိုးရဟာ တရုတ်နဲ့ အမေရိကန် အင်အားကြီး ၂ နိုင်ငံကြားမှာ အဆင်ပြေအောင် ခက်ခက်ခဲခဲရပ်တည်နေရတာကို Yoon Suk Yeol က လက်မခံပါဘူး။
တောင်ကိုရီးယားအစိုးရဟာ အမေရိကန်နဲ့ စစ်ရေးမဟာမိတ်လုပ်ပြီး တရုတ်နဲ့ စီးပွါးရေးပါတနာလုပ်နေတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ယူဆသူဖြစ်ပါတယ်။
ကွန်မြူနစ်တွေကို ခုခံတိုက်ခိုက်ရာမှာ တောင်ကိုရီးယားတွေနဲ့အတူ အသက်သွေးချွေးပေးဆပ်ခဲ့ရတာဟာ အမေရိကန်တွေဖြစ်လို့ အမေရိကန်နဲ့ပဲ ပြတ်သားစွာလက်တွဲမယ်လို့ Yoon Suk Yeol က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရေးလေ့လာသူတွေကတော့ အခုလို Yoon Suk Yeol ရွေးချယ်ခံရတာဟာ တောင်ကိုရီးယားပြည်သူတွေကြားမှာ တရုတ်မုန်းတီးရေးမြင့်တက်လာတာကို ပြသနေတာလို့ သုံးသပ်ပါတယ်။
နျူကလီးယားလက်နက်နဲ့ (THAAD) ဒုံးကျည်တွေ ပြန်နေရာချဖို့ ရည်ရွယ်တဲ့ Yoon Suk Yeol သမ္မတဖြစ်လာတာဟာ မြောက်ကိုရီးယားနဲ့ တင်းမာမူတွေပိုဖြစ်လာနိုင်ရုံမက တရုတ်နဲ့ပါ ထိပ်တိုက်တွေ့မယ့် အနေအထားရှိနေတယ်လို့ သုံးသပ်ကြပါတယ်။