၁၈ နို၀င်ဘာ ၂၀၂၁
တရုတ်ပေါ်လစ်ဗျူရိုအဖွဲ့၀င်နဲ့ ဒု၀န်ကြီးချူပ်ဖြစ်သူက လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခဲ့တယ်လို့ လူသိထင်ရှားထုတ်ဖေါ်ရေးခဲ့တဲ့ တင်းနစ်မယ် Peng Shuai ကို တရုတ်ကွန်မြူနစ်အစိုးရက ဖမ်းဆီးထားတယ်လို့ ယူဆရကြောင်း နိုင်ငံတကာသတင်းတွေနဲ့ တရုတ်လူမှုကွန်ယက်တွေမှာ ရေးသားနေကြပါတယ်။
၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အထိ ပေါလစ်ဗျူရိုအဖွဲ့၀င်နဲ့ တရုတ်ဒု၀န်ကြီးချုပ် တာ၀န်ယူခဲ့တဲ့ Zhang Gaoli က လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ တင်းနစ်မယ် Peng Shuai က ပြီးခဲ့တဲ့အပတ်က တရုတ်လူမှုကွန်ယက်ပေါ်မှာ ထုတ်ဖေါ်ရေးသားခဲ့တာပါ။ သူရေးပြီး နာရီ၀က်အတွင်းမှာ တရုတ်အစိုးရက လူမှုကွန်ယက်ပေါ်က သူရေးထားတာကို ဆင်ဆာဖြတ်တောက်ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့် ဖတ်ရူ့ခဲ့ရတဲ့ တရုတ်ပြည်သူသန်းပေါင်းများစွာက ထပ်ဆင့်ဖြန့်တာတွေကြောင့် နိုင်ငံတကာသတင်းမီဒီယာတွေက သိခဲ့ကြတာပါ။
Peng Shuai ရေးသားထားတာကို ဖြုတ်ချခဲ့တဲ့အပြင် လူမှုကွန်ယက်မှာ သူ့အမည်ပါရင်ကို တရုတ်အစိုးရက ဆင်ဆာဖြတ်တောက်ခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်က Peng Shuai ရဲ့ အကောင့်ကိုလည်း ဖယ်ရှားခဲ့တာပါ။ အဲဒီကတည်းက Peng Shuai ကို တရုတ်ထောက်လှမ်းရေးတွေက ဖမ်းထားလိုက်ပြီဆိုတဲ့သတင်းတွေလည်းထွက်လာခဲ့ပါတယ်။
ကမ္ဘာ့တင်းနစ်အဖွဲ့ချူပ်နဲ့ အမျိုးသမီးတင်းနစ်အဖွဲ့တွေက Peng Shuai ဘယ်မှာ ရှိနေတယ်ဆိုတာရယ် သူနဲ့ဆက်သွယ်ခွင့်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ကြသလို ကမ္ဘာကျော်တင်းနစ်ကစားသမားတွေကလည်း ဖြစ်ရပ်မှန်ကို တရုတ်အစိုးရက ဖေါ်ထုတ်ဖို့ တောာင်းဆိုနေကြပါတယ်။
နို၀င်ဘာ ၁၇ ရက်နေ့မှာ ကမ္ဘာ့တင်းနစ်အဖွဲ့ချူပ်ဆီကို သူနေထိုင်ကောင်းမွန်ကြောင်း ဘာမှမဖြစ်ကြောင်း Peng Shuai အမည်နဲ့ အီးမေးလ်တစောင်ရောက်လာတယ်ဆိုပါတယ်။ ဒါပေမယ့် အဲဒီ အီးမေးလ်ဟာ တရုတ်ထောက်လှမ်းရေးက Peng Shuai ရဲ့ အီးမေးလ်ကို သုံးပြီး ပို့တာလို့ ယူဆကြပါတယ်။
နို၀င်ဘာ ၁၇ ရက်နေ့က တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက အဲဒီ အီးမေးလ်နဲ့ Peng Shuai အခြေအနေကို မေးမြန်းကြရာမှာ ပြောခွင့်ရပုဂိုလ် Zhao Lijian က နတ်ဘုရားမဟုတ်တဲ့အတွက် သူမသိကြောင်းနဲ့ သံတမန်အရေးမဟုတ်ဘူးလို့ စိတ်ဆိုးဖြေခဲ့ကြောင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ Zhang Gaoli ဟာ လက်ရှိ သမ္မတ Xi Jinping ရဲ့ ပထမသက်တမ်းမှာ ဒု၀န်ကြီးချူပ်တာ၀န်ယူခဲ့သူဖြစ်သလို လက်ရှိ တရုတ်ကွန်မြူနစ်ပါတီမှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေဆဲလို့ သိရပါတယ်။
အသက် ၃၅ နှစ်ရှိတဲ့ တင်းနစ်မယ် Peng Shuai ဟာ ၂ ယောက်တွဲကမ္ဘာနံပါတ် ၁ အဆင့်ရှိခဲ့သလို ၂ ယောက်တွဲ ဩစတေးလျနဲ့အမေရိကန်အိုးပင်း ချန်ပီယံဟောင်းလည်းဖြစ်ပါတယ်။ တရုတ်ရဲ့ ဒုတိယ နာမည်ကြီးဆုံး တင်းနစ်မယ်ဖြစ်ပါတယ်။
BNN