၂ အောက်တိုဘာ ၂၀၂၁
နိုင်ငံရေးလောကကနေ အနားယူတော့မယ်လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ဒီကနေ့ တရားဝင် ကြေညာလိုက်ပါတယ်။ မူလက မေလမှာကျင်းပမယ့် သမ္မတ/ ဒုသမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတနေရာကနေ ပြန်လည်ဝင်ရောက်အရွေးခံဖို့ ဒူတာတေးက ကြေညာထားတာပါ။ အခုလို ရုတ်တရက်ကြေညာလိုက်တဲ့အပေါ် ဖိလစ်ပိုင်ပြည်သူတွေက အံ့အားသင့်ခဲ့ကြတယ်ဆိုပါတယ်။ ဒူတာတေးအနေနဲ့ သူသမ္မတတာဝန်ထမ်းဆောင်စဉ်ကာလ မူးယစ်ဆေးဝါးနှိမ်နှင်းရေးမှာ လိုတာထက်ပိုပြီး အာဏာအလွဲသုံးစားလုပ်ခဲ့တယ်လို့ ပြည်တွင်းပြည်ပက စွတ်စွဲထားတာမို့ အာဏာကို မရရတဲ့နည်းနဲ့ ကုပ်တွယ်နေလိမ့်မယ်လို့ အများက မျှော်လင့်ထားတာပါ။

ဖိလစ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ်ဆက်လက် ဝင်ပြိုင်အရွေးခံလို့မရတော့တဲ့အတွက် ဒုသမ္မတနေရာကဝင်အရွေးခံမယ်ဆိုပြီး ပြီးခဲ့လထဲက ဒူတာတေးကကြေညာခဲ့ပါတယ်။ သူ့ကြေညာချက်ကို ဖိလစ်ပိုင်ပြည်သူအများစုက မကျေနပ်ကြသလို ဖိလစ်ပိုင်အတိုက်အခံပါတီတွေကလည်း ကန့်ကွက်ခဲ့ကြပါတယ်။

ဒီနေ့မှာတော့ သူ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ဖိလစ်ပိုင်ပြည်သူတွေရဲ့ဆန္ဒကို လေးစားအသိအမှတ်ပြုတဲ့အနေနဲ့ ဒုသမ္မတနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်သလို မေလရွေးကောက်ပွဲပြီးတာနဲ့ နိုင်ငံရေးလောကကနေ ရာသက်ပန်အနားယူတော့မယ်လို့ ဒူတာတေးက ကြေညာခဲ့တာဖြစ်ပါတယ်။
အသက် ၇၆ နှစ်ရှိနေပြီဖြစ်တဲ့ ဒူတာတေးဟာ မြို့တော်ဝန်ဘဝကနေ မူးယစ်ဆေးဝါးနှိမ်နှင်းရေးမှာ နာမည်ရလာပြီး သမ္မတဖြစ်လာသူပါ။ သမ္မတဖြစ်ချိန်မှာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးကို လိုတာထက်ပိုလုပ်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေပါ အသတ်ခံခဲ့ရတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။တရုတ်အစိုးရအပေါ်ကိုလည်း လိုတာထက်ပိုလိုက်လျောခဲ့သူလို့လည်း စွတ်စွဲခံခဲ့ရပါတယ်။ ဒူတာတေးနိုင်ငံရေးကနေအနားယူတော့မယ်ဆိုပေမယ့် သူ့ရဲ့သမီး မြို့တော်ဝန် Sara Duterte အနေနဲ့ မေလ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိမ့်မယ်ဆိုတဲ့ခန်းမှန်းချက်တွေထွက်ပေါ်နေပါတယ်။