ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ဩဂုတ်လ ၅ ရက်နေ့ က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ၁ နှစ်ကျော် ငြိမ်သက်နေတဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးနယ်စပ်တစ်လျှောက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ပြန်လည်စတင်လာပါတယ်။
ပါလက်စတိုင်း ဂါဇာစီးတီးက အထပ်မြင့်အဆောက်အအုံတစ်ခုကို အစ္စရေးက လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ရဲ့ အကြီးတန်းတပ်မှူးတစ်ဦးသေဆုံးခဲ့သလို ကလေးတစ်ဦး အပါအဝင် ပါလက်စတိုင်း ၁၁ဦး သေဆုံးပြီး အနည်းဆုံး လူ ၈၀ ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စလမ္မစ်ဂျီဟတ်အဖွဲ့ကတော့ အဖွဲ့ဝင် ဘယ်လောက်သေဆုံးခဲ့တာကို ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ ဒီကနေ့ မနက်ပိုင်းမှာတော့ ဂါဇာရှိ ဒုံးကျည်ထုတ်လုပ်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ ပါလက်စတိုင်းနယ်မြေဘက်ကလည်း အစ္စရေးမြို့တွေကို ဒုံးကျည်တွေ လောင်ချာတွေနဲ့ အကြိမ်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးသတင်းတွေက ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် တာကာလက စစ်ပွဲတွေကြောင့် ပျက်စီးကြေမွခဲ့ရတဲ့ ပါလက်စတိုင်းဂါဇာဒေသမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ တည်ငြိမ်စဖြစ်လာချိန်မှာ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အပေါ် နိုင်ငံတကာကရော ဂါဇာဒေသခံပါလက်စတိုင်းတွေကပါ စိုးရိမ်ပူပန်နေကြပါတယ်။
BNN