၁၃ အောက်တိုဘာ ၂၀၂၁
သံရုံးဝန်ထမ်းတွေအပေါ် အပြန်အလှန် ကန့်သတ်ပိတ်ဆို့ထားတာတွေကို (၂) ဖက်လုံးကဖယ်ရှားဖို့ ရုရှားက အမေရိကန်ကို ကမ်းလှမ်းလိုက်ပါတယ်။
ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးတာဝန်ခံ Victoria Nuland တို့ အောက်တိုဘာ ၁၂ ရက်နေ့က မော်စကိုမှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

(၂) နိုင်ငံ သံဝန်ထမ်းတွေ အပြန်အလှန်လျှော့ချတာ သံတမန်တွေကို ပြည်ဝင်ခွင့်မပေးပဲကန့်သတ်တာတွေဟာ ပြသနာတွေကို ပြေလည်သွားစေမှာမဟုတ်တဲ့အတွက် အရင်ကတားမြစ်ပိတ်ပင်ကန့်သတ်တာ အားလုံးကို ၂ ဖက်လုံးက ဖယ်ရှားသင့်တယ်ဆိုပါတယ်။ ရုရှားဒုဝန်ကြီးနဲ့ဆွေးနွေးခဲ့တဲ့ Victoria Nuland ကိုယ်တိုင် ရုရှားက ပြည်ဝင်ခွင့်မပေးပဲပိတ်ပင်ထားခဲ့တာဖြစ်ပြီး အခုမှ ပြန်ဖွင့်ပေးပြီး မော်စကိုမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။

၂ နိုင်ငံအဆင့်မြင့်အရာရှိတွေရဲ့ဆွေးနွေးပွဲဟာ ၁ နာရီခွဲကြာမြင့်ခဲ့ပြီး ရုရှား အမေရိကန်ဆက်ဆံရေးသာမက ကမ္ဘာ့အခင်းအကျင်းတွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ထူးခြားတာကတော့ နေပြည်တော်မှာကျင်းပခဲ့တဲ့ စကစရဲ့ တပ်မတော်နေ့အခမ်းအနားတက်ရောက်ခဲ့သူ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin ပါ မနေ့ကအစည်းအဝေးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးတာဝန်ခံ Victoria Nuland ဟာ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ သမ္မတပူတင်ရဲ့ အကြံပေးအဖွဲ့နဲ့ဆက်လက်ဆွေးနွေးဖို့ရှိတယ်လို့လည်း ရုရှားအစိုးရပိုင်သတင်းတွေက ဖေါ်ပြပါတယ်။
BNN/International