၂ အောက်တိုဘာ ၂၀၂၁
စွမ်းအင်ချွေတာတဲ့အနေနဲ့ ညပိုင်း ရောင်စုံအလှမီးထွန်းတာတွေလျှော့ဖို့ ဘီဂျင်းစွမ်းအင်ထိမ်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဌာနက တရုတ်ပြည်သူတွေကို သတိပေးထားပါတယ်။ သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလမ်းစိုပြေဖို့နဲ့ လေကောင်းလေသန့်ပိုမို ရရှိနိုင်ဖို့အတွက် လောင်စာစွမ်းအင်ချွေတာသုံးစွဲကြရန် တရုတ်နိုင်ငံမှာ စီမံချက်တခုလို ဆောင်ရွက်နေတာဖြစ်ပါတယ်။

အဲဒီအတွက် အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်အမျိုးသားနေ့ညမှာ ခါတိုင်းနှစ်တွေလို မီးရောင်စုံတွေ မီးရှူးမီးပန်းတွေနဲ့ အောင်ပွဲခံအလှဆင်တာတွေ သိသိသာသာနည်းပါးသွားတယ်လို့ ဘီဂျင်းအခြေစိုက်သတင်းတွေက ဖေါ်ပြပါတယ်။

တရုတ်နိုင်ငံပြည်နယ်တချို့မှာတော့ လျှပ်စစ်မီးအလုံအလောက်မပေးနိုင်တော့လို့ တမင်တကာချွေတာစရာမလိုပဲကို ညပိုင်းတွေမှာ မှောင်မဲနေတယ်ဆိုပါတယ်။ အလှဲ့ကျ လျှပ်စစ်မီးပေးဝေနေရတဲ့ ပြည်နယ်တချို့မှာ စက်ရုံတွေပါပိတ်ထားရဆဲဖြစ်သလို တချို့မြို့တွေမှာ မီးပွိုင့်တွေမှာတောင် မီးမလင်းတော့တဲ့အနေအထားနဲ့ရင်ဆိုင်နေရဆဲလို့ တရုတ်အခြေစိုက် လူမှုကွန်ယက်သတင်းတွေမှာ ဖေါ်ပြနေပါတယ်။