ယနေ့ ကျင်းပနေသည့် အာဆီယံ ထိပ်သီးအစည်းသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အွန်လိုင်းမှ တဆင့် အစည်းအဝေးတက်ရောက်မည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် ကျင်းပသည့် အာဆီယံ- အမေရိကန်ထိပ်သီးဆွေးနွေးပွဲကို သမ္မတဟောင်း ဒေါ်နယ်ထရမ့် တက်ရောက်ခဲ့ပြီးနောက် ၄ နှစ်အတွင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံဘက်က သမ္မတအဆင့် ခေါင်းဆောင်တဦး ပြန်လည်တက်ရောက်ခြင်းလည်း ဖြစ်သည်။
အစည်းအဝေးတွင် သမ္မတဘိုင်ဒန်သည် ဒေသတွင်း အရေးကိစ္စများ၌ အာဆီယံ၏ ဗဟိုအခန်းကဏ္ဍနှင့် ပတ်သက်၍ “တည်မြဲသော” အမေရိကန်ကတိကဝတ်အပါအဝင် အစုအဖွဲ့နှင့် အမေရိကန်၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေရန် အစပျိုးမှုအသစ်များ အကြောင်းဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောထားသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုရန် အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အာဆီယံထိပ်သီး အစည်းအဝေးတွင် ပါဝင်တက်ရောက်လာခြင်းဖြစ်သည်။
ယနေ့အစည်းအဝေးတွင် အစည်းအဝေးတက်လာသည့် ခေါင်းဆောင်များသည် မြန်မာနိုင်ငံအရေးကို အဓိကထား ဆွေးနွေးဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်သည်။