ရန်ကုန်၊ နိုဝင်ဘာ ၉
ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် အုတ်ပုံဆိပ် ၄၃၅၊၄၃၆ တပ်ရင်း စစ်ကောင်စီ ဂိတ်စခန်း ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃နာရီ ၂ဝမိနစ်တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပြည်သူများနေထိုင်သော လူနေရပ်ကွက်များကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
“ ပေါက်ကွဲမှုက တော်တော်ပြင်းတယ်။ မြေကြီးပါ လှုပ်သွားတယ်။ အသံက အကျယ်ကြီးပဲ ၄၃၅၊ ၄၃၆ တပ်ရင်း စစ်ဆေးရေးဂိတ်မှာ ပေါက်တာလို့သိရတယ်။ စစ်ကားတွေလာနေပြီ ပစ်သံတွေလည်း ကြားရတယ်။ အခုတော့ လမ်းတွေပိတ်နေတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ထို ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးသော်လည်း ပေါက်ကွဲမှုသည် ပြင်းထန်ကြောင်း သိရသည်။ ပြည်တွင်း TRN သတင်းတွင်မူ မြောက်ဥက္ကလာအနီး ပေါက်ကွဲမှုသည် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးကို နိုဝင်ဘာလ ၉ ရက် ညနေ ၃ နာရီ ၁၅ မိနစ်နာရီအချိန် လက်လုပ်ဗုံးဖြင့် ပစ်ပေါက်သောကားကိုလိုက်လံဖမ်းဆီးရာ အဆိုပါကားသည် သံသုမာလမ်းပေါ်တွင်ပေါက်ကွဲခဲ့ကြောင်း၊ တိုယိုတာမာခ့်တူး 5C/5472 ယာဉ်က ယာဉ်ထိန်းရုံးကိုလက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ အဆိုပါယာဉ်သည် သံသုမာလမ်းပေါ်တွင်ပေါက် ကွဲသွားကြောင်း သတင်းဖော်ပြသည်။
Source : Khit Thit Media