၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးအရှေ့တွင် ရပ်နားထားသည့် အရာရှိကားအား ဗုံးပစ်ခွဲခံရ၍ အရာရှိ ဒဏ်ရာရရှိသွားသည်ဟု တနင်္သာရီမြို့ခံများက ပြောသည်။
ချောင်းငယ်ရပ်၊ အာယုလမ်း ကူးတို့ဆိပ်လမ်းဆုံ အနီးရှိ စရဖ ရုံးအရှေ့သို့ အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ရပ်နားထားသည့် ကားအတွင်း ဗုံး ပစ်သွင်းခဲ့ခြင်း ဖြစ် သည်ဟု ချောင်းငယ်ရပ်တွင် နေထိုင်သူ အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အသံကတော်တော်ကြမ်းတာ။ မြေကြီးရော အိမ်ပါတုန်သွားတာ။ တီဗွီကြည့်နေရင်း အသံကြားလို့ ထွက်ကြည့် တာ ကားတစ်စီးလုံး မီးခိုးလုံးတွေ ဖုံးသွားတယ်” ဟု ပြောသည်။
အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီ ၁၀မိနစ် အချိန်ခန့်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကားအတွင်းရှိနေသည့် ဗိုလ်ကြီးမင်းဆွေဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားကာ ကားလည်းပျက်စီးသွားသည်။
အခင်းဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အခင်းဖြစ်ပွားရာ လမ်းတလျှောက် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးရှိ လူနေအိမ်များနှင့် ကုန်စုံဆိုင် တစ်ဆိုင်ကိုလည်း ရိုက်ချိုး ဖျက်ဆီး ခံကြသည်ဟု တနင်္သာရီ မြို့ခံများ က ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ချောင်းကြီးရပ်မှ လူငယ်နှစ်ဦး၊ ချောင်းငယ်ရပ်မှ လူငယ်တစ်ဦးတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မသင်္ကာဟု ဆိုကာ ညတွင်းချင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းငယ်ရပ်မှ လူငယ်တစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။
သို့သော် အခြားချောင်းကြီးရပ်က လူငယ်နှစ်ဦးကိုတော့ ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းနိုင်ရန်အတွက် တနင်္သာရီ မြို့မရဲစခန်းကို ဖုန်းဖြင့် ဆက် သွယ်ခဲ့ မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
သတင်းနှင့် မီဒီယာ ကွန်ရက်။