၅/၄/၂၀၂၂
အာဏာသိမ်းမြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်နည်းပညာတွေ ရောင်းချနေတဲ့ နိုင်ငံများကို တားမြစ်ပေးပြီး မြန်မာစစ်တပ်ရဲ့လက်နက်ရရှိနိုင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့ ဧပြီ ၅ ရက် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင် အထွေထွေဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသွားပါတယ်။ “လက်ရှိမှာ မြန်မာနဲ့ ယူကရိန်းပြည်သူတွေ ခံစားနေရတာတွေဟာ တူညီနေပါတယ်”လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
“မြန်မာပြည်သူတွေက စစ်တပ်ရဲ့ အင်အားအလွန်အကျွံ အသုံးပြုပြီး ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်နေတာတွေကို ခံစားနေရပြီး၊ ယူကရိန်းပြည်သူတွေက ရုရှားရဲ့တစ်ဖက်သတ် ရန်လိုကျူးကျော်တဲ့ စစ်ဒဏ် ကို ဆိုးဝါးစွာ ခံစားနေရတယ်” လို့ ဦးကျော်မိုးထွန်းက နှိုင်းယှဉ်ပြောကြားသွားတာပါ။
“မြန်မာနိုင်ငံအနေနဲ့ ဒုက္ခဆင်းရဲများ ရင်ဆိုင်နေရတဲ့ ယူကရိန်းပြည်သူတွေရဲ့ ခံစားမှုတွေကို အပြည့်အဝနားလည်သလို ယူကရိန်းပြည်သူများနဲ့အတူ ခိုင်မာစွာရပ်တည်ကြောင်း”လည်း ဦးကျော်မိုးထွန်းကပြောပါတယ်။
“ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်ဖို့ တောင်းဆိုသလို စစ်တပ်ရဲ့လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ အရေးယူမှုတွေကို အချိန်မီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့”လည်း ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုပါတယ်။
“ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးမှသာ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့အသက်တွေကို ကယ်တင်ပေးနိုင််လိမ့်မယ်” လို့လည်း ဦးကျော်မိုးထွန်းက တင်ပြပြောဆိုသွားပါတယ်။