၂၀/၃/၂၀၂၂
ယူကရိန်းကို ဝင်တိုက်တဲ့အပေါ် အနောက်နိုင်ငံသတင်းမီဒီယာတွေက တဖက်သပ်ရေးသားဖေါ်ပြနေတာတွေကို တုန့်ပြန်ချေဖျက်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာရုရှားသံရုံးတွေကို ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။
ညွှန်ကြားချက်အရဆိုရင် ရုရှားအကူအညီရယူထားတဲ့နိုင်ငံတွေ ရုရှားနဲ့တနည်းနည်းပတ်သက်နေတဲ့နိုင်ငံတွေမှာ သက်ဆိုင်ရာအစိုးရတွေနဲ့တွေ့ဆုံပြီး သတင်းမီဒီယာတွေ လူမှုကွန်ယက်တွေကတဆင့် တန်ပြန်ရေးသားထုတ်လွှင့်ပေးနိုင်ဖို့ ဆွေးနွေးတောင်းဆိုရမယ်ဆိုပါတယ်။
ခရိုင်မီးယားကို သိမ်းပိုက်တာမဟုတ်ပဲ ရုရှားပိုင်ဖြစ်လို့ ပြန်လည်ပေါင်းစည်းရေးလုပ်တာဆိုတာကို ရှင်းပြပြီး ယူကရိန်းကို ဝင်တိုက်တာမဟုတ်ပဲ ယူကရိန်းထဲက ရုရှားစကားပြောနိုင်ငံသားတွေကို ကာကွယ်ကူညီပေးဖို့လုပ်ရတဲ့ အထူးစစ်ဆင်ရေးတခုသာဖြစ်တယ်ဆိုတာ ဦးစားပေးရှင်းလင်းပြောဆို ရေးသားရမယ်ဆိုပါတယ်။
ယူကရိန်းသမ္မတဟာ အနောက်နိုင်ငံတွေက ဆွဲတင်ထားတဲ့ ခရိုနီ အနုပညာရှင်တဦးသာဖြစ်ပြီး ယူကရိန်းကိုယ်စားပြုရွေးချယ်ထားတဲ့ နိုင်ငံရေးသမားတယောက်မဟုတ်ဘူးဆိုတာလည်း ပုံဖေါ်ပြောဆိုရေးသားဖို့လိုမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနညွှန်ကြားချက်မှာ ဖေါ်ပြထားတယ်ဆိုပါတယ်။
ယူကရိန်းသမ္မတဟာ ဂျုးဖြစ်ပေမယ့် နာဇီပုံစံအုပ်ချုပ်ရေးစနစ်တည်ဆောက်ထားသူဖြစ်သလို ရုရှားနယ်စပ်မှာ အမေရိကန်အလိုကျ ဇီဝလက်နက်တွေစမ်းသပ်ထုတ်လုပ်ဖို့ ဓါတ်ခွဲခန်းတွေဖွင့်လှစ်ထားတယ်ဆိုတာတွေလည်း ရေးသားဖေါ်ပြခိုင်းရမယ်ဆိုပါတယ်။
အမေရိကန်နဲ့ NATO ကြောင့် အီရတ် လစ်ဗျား ယူဂိုဆလားဗီးယား ဗီယက်နမ်တွေမှာ အရပ်သားတွေသေဆုံးခဲ့ရတာတွေကို ပြန်လည်ရေးသားဖေါ်ပြဖို့လည်း သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖိအားပေးပြောဆိုဖို့ သံရုံးတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အခုလ (၁၂)ရက်နေ့က ညွှန်ကြားထားတာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ မော်စကိုသတင်းထောက်တွေက ပြောပါတယ်။ ဖိအားပေးပြောဆိုရမယ့်အထဲက အာဆီယမ်ထဲကဆိုရင် မြန်မာ ကမ်ဘောဒီးယား လာအို နဲ့ ဗီယက်နမ်နိုင်ငံတွေပါဝင်ကြောင်းလည်း သိရပါတယ်။