၁၅ အောက်တိုဘာ ၂၀၂၁
အောက်တိုဘာ ၁၂ ရက်နေ့က အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး John C Aquilino ဟာ ထိုင်းနိုင်ငံကိုရောက်လာပြီး အာဏာသိမ်းထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chan-o-cha နဲ့တွေ့ဆုံခဲ့သလို ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးChalermpol Srisawat နဲ့ပါတွေ့ဆုံခဲ့ပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး John C Aquilino ကို ထိုင်းတပ်မတော်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ တခမ်းတနားကြိုဆိုခဲ့တာပါ။ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ကိုဗစ်ကုသကာကွယ်ဆေးထုတ်လုပ်ဖို့ ဒေါ်လာ ၁သန်းကျော်အကူအညီတွေလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ ထိုင်းခရီးစဉ်ဟာ မြန်မာ့ပင်လယ်ပြင်အနီးမှာ the Quad ၄ နိုင်ငံစစ်ရေးလေ့ကျင့်ချိန်နဲ့ တိုက်ဆိုင်နေလို့ မြန်မာအာဏာသိမ်းစစ်တပ်က အထူးစိတ်ဝင်စားခဲ့တယ်လို့ ဘန်ကောက်အာဆီယံစစ်သံမှူးအသိုင်းအဝိုင်းကပြောပါတယ်။ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး-ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်အကြား ဘာတွေဆွေးနွေးတယ်ဆိုတာ အသေးစိတ်သတင်းထုတ်ပြန်တာမရှိတဲ့အတွက် မြန်မာစစ်တပ်က မရိုးမရွဖြစ်နေပုံရတယ်ဆိုပါတယ်။

ဘန်ကောက်သံတမန်အသိုင်းအဝိုင်းကြားကို ဘန်ကောက်မြန်မာစစ်သံမှူးအဖွဲ့က သတင်းလိုက်နှိုက်နေတဲ့အဆင့်တောင်ဖြစ်နေတယ်လို့ပြောပါတယ်။

အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးခရီးစဉ်က ဘာရည်ရွယ်ချက်မှန်းမသိရပေမယ့် တရုတ်ကို ဖိအားပေးအင်အားပြဖို့ ဖြစ်နိုင်သလို ပုံမှန်ခရီးစဉ်တခုလည်းဖြစ်နိုင်တယ်လို့ အာဆီယံစစ်သံမှူးအသိုင်းအဝိုင်းက ခန့်မှန်းပါတယ်။ ဒါပေမယ့် မြန်မာအာဏာသိမ်းစစ်တပ်က အိုးမလုံအုံပွင့်ပြီး ကြောက်လန့်နေတယ့်သဘောလို့ ဆိုကြပါတယ်။ အာဏာသိမ်းမြန်မာစစ်တပ်က ကမ်းခြေစောင့်တပ်ဖွဲ့တွေဖွဲ့ပြတာ ရေတပ်လေ့ကျင့်မှုတွေ လုပ်ပြနေတာဟာ သူ့တပ်တွင်းကြောက်ရွံ့မှုတွေကို ပြန်အားပေးစည်းရုံးပြနေတယ့်သဘောလို့လည်း အာဆီယံစစ်သံမှူးအသိုင်းအဝိုင်းက ယူဆပါတယ်။

” အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးက ပုံမှန်ဆိုရင် ထိုင်းစစ်တပ်အကြီးအကဲတွေနဲ့ပဲတွေ့လေ့ရှိတာကို။ အခုက သူက ထိုင်းဝန်ကြီးချုပ်နဲ့ပါတွေ့သွားတော့ ဘာတွေပြောကြလဲဆိုတာ မြန်မာစစ်ခေါင်းဆောင်တွေက သိချင်နေတာပေါ့။ အဲတော့ သတင်းလိုက်နှိုက်နေတာနေမှာပေါ့” လို့ ဘန်ကောက်အခြေစိုက် အာဆီယံသံတမန်တဦးက သုံးသပ်ပါတယ်။
BNN