အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်နေတဲ့ Sky Aviator ကုမ္ပဏီ လီမိတက်နဲ့ ပိုင်ရှင် ကျော်မင်းဦးကို စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က နိုဝင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ အရပ်သား ပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့သလို အောက်တိုဘာ ၂၃ ရက်က ကချင်ပြည်နယ်မှာ အဆိုးရွားဆုံး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်ခဲ့တယ်ဆိုပါတယ်။


ဒီလို လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နိုင်အောင် ကူညီပံ့ပိုးနေတဲ့အထဲမှာ မြန်မာနိုင်ငံက Sky Aviator ကုမ္ပဏီ ပါဝင်နေတဲ့အတွက် ကုမ္ပဏီနဲ့ ပိုင်ရှင် ကျော်မင်းဦးတို့ကို အမေရိကန်ဥပဒေအရ ပိတ်ဆို့အရေးယူလိုက်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Sky Aviator ကုမ္ပဏီဟာ မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းတွေ အဓိက ပံ့ပိုးပေးနေသလို ၂၀၂၁ အာဏာသိမ်းပြီးကတည်းက လက်နက်နဲ့ စစ်လက်နက်ပစ္စည်းတွေ တင်သွင်းရာမှာလည်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
BNN