( Mr. X သည် မြန်မာအပါအ၀င် အာဆီယံနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယမ်အခြေစိုက် စီးပွါးရေးကုမဏီကြီး တခုမှာ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါ သည်)
(BNN) မြန်မာနိုင်ငံအကြောင်း မမေးခင်မှာ လက်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာ့အခင်း အကျင်းတွေ အကြောင်းက စမေးချင်ပါတယ်။
(Mr.X) သိရသလောက်တော့ ပြောြပပါမယ်။
(BNN) အခု တောင်တရုတ်ပင်လယ်တို့ ယူကရိန်းတို့မှာ တင်းမာနေတဲ့အခြေအနေတွေကို မြန်မာ တွေသာမက နိုင်ငံတကာကပါ စိတ်၀င်စားတာတွေ့ရပါတယ်။ တကယ်တိုက်ကြတော့မှာလား။ အရင်စစ်အေးကာလလိုပဲ အားပြိုင် အားစမ်းသက်သက်ပဲလားဆိုတာလဲ အမြင်အမျိူးမျိူးရှိနေပါ တယ်။ Mr. X အနေနဲ့ရော ဘယ်လို ယူဆပါသလဲ။
(Mr.X) တကယ်တော့ စစ်အေးကာလနဲ့ တူသလိုလိုနဲ့ မတူဘူးလို့ ကျနော်မြင်ပါတယ်။ ဥပမာဗျာ တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတာရော အရှေ့ ဥရောပမှာဖြစ်နေတာတွေက နိုင်ငံရေး၀ါဒအရ မဟုတ်ပဲ အင်ပါယာထူထောင်ဖို့ ကျိူးစားရာက ထိပ်တိုက်တွေ့လာတယ်လို့မြင်ပါတယ်။ တောင် တရုတ်ပင်လယ်ကို အရင်ကြည့်ရင် တရုတ်နဲ့ ဗီယက်နမ် တရုတ်/ဖိလစ်ပိုင် တရုတ်နဲ့ အင်ဒိုနီးရှား တရုတ်နဲ့ ဘရူနိင်းစသဖြင့် ရေပြင်အချူပ်အချာအာဏာပိုင်ဆိုင်မှုပြသနာတွေက စဖြစ်လာတာပါ။ ဘယ်အနောက်နိုင်ငံကမှာ သွားရောက်သွေးထိုးပေးလို့ဖြစ်ရတာတွေမဟုတ်ပါဘူး။ သူတို့ရေပိုင်နက် ကို ကျူးကျော်ခံရတယ်။ ကျူးကျော်သူက ငွေအား လူအင်အား အားပေါင်းစုံနဲ့ ဖိတယ်။ ကြိတ် ခံနေကြရတာ ကြာပါပြီ။
ပိုဆိုးတာက သမ္မတထရမ့်လက်ထက်မှာ အမေရိကန်သာ ပထမဆိုတဲ့ မူကို ကျင့်သုံးပြီး အာရှနဲ့ အနေစိမ်းလိုက်တဲ့အခါမှာ အာဆီယံနိုင်ငံလေးတွေက အမေရိကန်ကို အားကိုးလို့ မရတော့ဘူးဆိုပြီး အဆင်ပြေသလိုဆက်ဆံပြီး ကြိတ်ခံနေရတာလဲ ဖြစ်နိုင်ပါတယ်။ ဖိလစ်ပိုင် သမ္မတ ဆို တရုတ်သမ္မတနဲ့ ညီအစ်ကိုတွေလိုတောင် ဆက်ဆံပြခဲ့ရ တာပါ။ တရုတ်နဲ့ပတ်သက်ရင် အလျှော့ပေးလွန်းလို့ သူ့တပ်မတော်စစ်ဦးစီးချူပ်တွေနဲ့တောင် အဆင်မပြေဖြစ်ခဲ့တာတွေရှိပါတယ်။ တဖက်က ပြန်ကြည့်တော့ အမေရိကန်သာပထမဖြစ်ရမယ်ဆိုတဲ့ သမ္မတထရမ့်က တရုတ်ကို ခပ်ပြက်ပြက်ဆံတာတွေ့ရတော့ အာဆီယံနိုင်ငံလေးတွေက ပြန်အားကိုးချင်ကြတယ်။ ဒါပေမယ့် ထရမ့်က တရုတ်ကို သာပြတ်တာ အာဆီယမ်ကိုလည်း စိတ်မ၀င်စားတော့ ကြိတ်ခံ ကြိတ်ရှင်း အလို လိုက် အလျှော့ပေးတာတွေပဲ လုပ်နေခဲ့ရတဲသဘောရှိတယ်။ အင်အားလည်း မမျှဘူးလေ။
အားကိုးလို့မရတဲ့အပြင် သတိပါထားသင့်တယ်လို့ ကျနော်ယူဆတယ်။ သံတမန်နယ်ပယ်မှာလည်း အိန္ဒိယ ဟာ သူလုပ်နိုင်တာတွေရှိပေမယ့် သူနဲ့မဆိုင်သလို နေနေတာပါ။ အာဏာသိမ်းစစ်တပ်ဆီကို လူသိထင်ရှား သွားတွေ့တာ အိန္ဒိယ နဲ့ ကမ်ဘောဒီးယားဆိုတာ မမေ့ပါနဲ့။ စစ်တပ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချူပ်လုပ်နေတဲ့ ထိုင်းအစိုးရလောက်တောင် အိန္ဒိယဗဟိုအစိုးရဟာ ခင်ဗျားတို့နိုင်ငံက တော်လှန်ရေးကို ကူညီပေးလို့တဲ့ စိတ်စေတနာမရှိဘူးလို့ကျနော်မြင်တယ်။
Mr.X
(BNN) ဆိုလိုတာက သမ္မတဘိုင်ဒန်လက်ထက်မှာ အာဆီယမ်ကို ပြန်စိတ်၀င်စားလာတဲ့ သဘော လား။
(Mr.X) အဲလိုပြောလို့ရမယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလင်ကန်ပါတီတွေရဲ့ မတူကွဲပြားတဲ့မူလို့လည်း ပြောနိုင်ပါတယ်။ ခင်ဗျား မှတ်မိမလားမသိဘူး။ သမ္မတဘိုင်ဒန်ရဲ့ အိမ်ဖြူတော်နန်းတက်ပွဲမှာ ထရမ့်က ကြိုဆိုလက်ခံ လွှဲပြောင်းပေးတာမလုပ်ခဲ့ပေမယ့် စာလေးတစောင်ရေးထားခဲ့တယ်။ အဲဒီစာထဲမှာ ၂ ယောက်ကြားမှာ ဘာတွေရှိခဲ့ရှိခဲ့ အီရန်နဲ့ တရုတ်ကို လုံး၀ အလျှော့မပေးပဲ ကိုင်တွယ်ဖို့ ရေးထားပါတယ်။ အမေရိကန်ရဲ့ရန်သူဟာ ရုရှားမဟုတ်ပဲ တရုတ်လို့ သမ္မတထရမ့်က အခိုင်အမာ ယုံကြည်ထားတာကို။ သူကတော့ အမေရိကန်အကျိူးစီးပွါးသက်သက်နဲ့ မြင်ပုံရပါတယ်။
သမ္မတဘိုင်ဒန်ကျတော့ အမေရိကန်အကျိူးစီးပွါးသာမက တရုတ်ဟာ ကမ္ဘာ့အကျိူးစီးပွါးနဲ့ ကမ္ဘာ့ ရန်လို့ ရူမြင်ထားတယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီအတွက် တိုင်၀မ်ကိုသာမက အခု တရုတ်နဲ့ ရေပြင်အချုပ်အခြာအာဏာပိုင်ဆိုင်မှုပြသနာတက်နေတဲ့ အာဆီယံနိုင်ငံတွေကို ပြန်ကြည့် ပြန်ကူ ရမယ်လို့ မူချထားတာသိရပါတယ်။ အဲဒီလိုမူ ရှိနေချိန်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းတဲ့အခြေအနေဆိုတော့ ဘိုင်ဒန်အစိုးရအနေနဲ့ အာဆီယမ်ကို ၀င်ရတာ ပိုအဆင်ပြေသွားတယ်လို့ ကျနော်က မြင်တယ်။
(BNN) ကျေးဇူးပါ။ အာဆီယမ်နဲ့ မြန်မာအကြောင်းအသေးစိတ်ထပ်မမေးခင် စောစာက ခင်ဗျားပြော သွားတဲ့အထဲမှာ စစ်အေးကာလနဲ့ တူသလိုလိုနဲ့ မတူဘူးလို့ ပြောသွားတာကို ပြန်ကောက်ချင်ပါတယ်။ စစ်အေးကာလမှာ ကြားခံစစ်ပွဲလေးတွေ ၀ါဒတူတဲ့နိုင်ငံတွေကို ကူညီထောက်ပံ့တာတွေ။ ကိုယ်နဲ့၀ါဒ မတူသူ အစိုးရဖြစ်ရင် ဖြတ်ချဖို့ လုပ်ကြံဖို့ တွေ လုပ်ခဲ့တာတွေရှိခဲ့ပါတယ်။ ၀ါဒအားပြိုင်မှုတွေကြား ပြသနာရှောင်ချင်တော့ ဘက်မလိုက်မူ၀ါဒနဲ့ ဘက်မလိုက်ဘူးဆိုတဲ့အဖွဲ့တွေ ပေါ်ခဲ့ပါတယ်။ ဆိုတော့ အခု ဖြစ်ပျက်နေတဲ့ အခင်းအကျင်းတွေကရော ဘာတွေ ထပ်ပေါ်လာနိုင်မယ်ထင်ပါသလဲ။ နောက်ပြီး စစ်အေးကာလလိုမဟုတ်ပဲ အင်အားကြီးနိုင်ငံတွေ တကယ်ပဲ တိုက်ကြတော့မှာလား
(Mr.X) အင်မတန်ကောင်းတဲ့ မေးခွန်းပါ။ ဘာတွေ ထပ်ပေါ်လာမလဲဆိုတာတော့ ပြောဖို့ ခက်ပါတယ်။ တောင်နဲ့မြောက်ကိုရီးယားစစ်ပွဲနဲ့ စစ်အေးကာလတလျှောက်မှာ ဘယ်အင်အားကြီးနိုင်ငံတွေဘက်မှာ မလိုက်ဘူးဆိုပြီး ကြားနေနိုင်ငံများအဖွဲ့ဆိုတာ ပေါ်လာတယ်။ တကယ်တော့ အဲဒီလို ဘက်မလိုက်ဆိုတဲ့ နိုင်ငံတွေနဲ့အတူ ကမ္ဘာကြီးမှာ ဘာဖြစ်လာလည်းဆိုတော့ စစ်အာဏာရှင်တွေ တပါတီအာဏာရှင်တွေ မှိုလိုပေါက်လာတယ်။ ပြည်တွင်းရေး၀င်မစွက်ရေးဆိုပြီး ကိုယ့်နိုင်ငံထဲ ကိုယ်လုပ်ချင်တာလုပ်လို့ရအောင် အနောက်ပြေးကပ်လိုက် အရှေ့ပြေးကပ်လိုက်နဲ့ အာဏာရှင်တွေပေါ်လာတယ်။
၀ါဒအားပြိုင်နေတဲ့ကာလဆိုတော့ အာဏာရှင်တွေကလည်း အတိုက်အခံတွေကို ဖြိုချင်ရင် ကွန်မြူနစ်တပ်ချင်တပ်တယ်. အရင်းရှင်တပ်ချင်တပ်တယ်။ အရင်းရှင်အုပ်စုအကူအညီယူပြီး ကွန်မြူနစ်အတိုက် အခံတွေကို နှိမ်နှင်းမယ်။ ကွန်မြူနစ်အုပ်စုအကူအညီယူပြီး အရင်းရှင်အတိုက်အခံတွေ နှိမ်နှင်းမယ်ဆိုတဲ့ မူနဲ့ သက်ဆိုင်ရာပြည်သူတွေကို အနိုင်ကျင့်ခဲ့ကြတယ်လို့ ကျနော်က မြင်တယ်။ အာဏာရှင်လုပ်ဖို့ အကောင်းဆုံးကာလဖြစ်ခဲ့တယ်လို့ ကျနော်မြင်တယ်။ ဆိုဗီယက်အုပ်စုကျဆုံးပြီးတဲ့နောက်ကျ ၀ါဒရေးရာတိုက်ပွဲက မရှိတော့ဘူး။ ဘာဖြစ်လာလည်းဆိုတော့ ဒီမိုကရေစီ ကို လိုသလို အနက် ဖွင့်ဆိုတဲ့ တိုက်ပွဲဖြစ်လာတယ်။
ခင်ဗျားတို့နိုင်ငံမှာလည်း အခုထိမြင်ကြားနေရမှာပါ။ အနောက်တိုင်းဒီမိုကရေစီလား မြန်မာ့နည်းမြန်မာဟန်ဒီမိုကရေစီလား ဆိုတာမျိူးပေါ့ဗျာ။ တရုတ်ဆိုလည်း ကွန်မြူနစ်ပါတီလို့သာအမည်ခံနေရတာ။ ဓနရှင််တရုတ်စီးပွါးရေးသမားတွေ မှိုလိုပေါက်နေတယ်။ နိုင်ငံတကာလှဲ့ ငွေချေး အတိုးယူတွေလုပ်နေရတယ်။ သူ့ကွန်မြူနစ်ဆိုတာကြီးနဲ့ ၀င်လို့ မရတော့ ဓနရှင်လက်သစ်နည်းတွေနဲ့ နိုင်ငံတကာကို၀င်ရတယ်။ ရုရှားဆိုလည်း ကွန်မြူနစ်ပါတီက နေရာကို မရတော့ဘူး။ အာဏာရှင်မှန်သမျှက ဒီမိုကရေစီတွေ လူ့အခွင့်အရေးစကားလုံးတွေကို သူများထက် ပိုပြောလာရတဲ့ခောတ်။ အခု မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ စစ်တပ်ဆိုလည်း အတိုက်အခံတွေထက်တောင် သူတို့က ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ပိုပြောတာတွေ့ရမှာပါ။ မြန်မာနိုင်ငံက ကျနော့်မိတ်ဆွေတွေနဲ့ တခါတလေပြောဖြစ်ရင်း ရီရတာတွေရှိပါတယ်။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ကို အာဏာရှင်တွေကပါ လိုသလို ကြည့်သုံးတဲ့ခောတ်ပေါ့။
အခု အာဖရိက က အာဏာသိမ်းတာတွေကြည့်လည်း သူတို့လည်း ဒီမိုကရေစီအတွက်ဆိုပြီး အော်နေတာကြား ရမှာပါ။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေကို အာဏာရှင်တွေကပါ လက်နက်အားကိုးနဲ့ လိုသလို အသုံးချတဲ့ခောတ်ဖြစ်လာတယ်။ ကမ္ဘာကြီးဟာ တချိန်က စစ်အေးကာလထက် ပို ရန်များလာတယ်လို့ ကျနော်က မြင်တယ်။ ကျနော်တို့ အမေရိကန်ကိုကြည့်ရင်တောင် ပြီးခဲ့တဲ့ရွေးကောက်ပွဲပြသနာနဲ့ ဒီမိုကရေစီဟာ ခြိမ်းခြောက်ခံခဲ့ရတဲ့အခြေအနေပါ။ ခင်ဗျားမေးခွန်းနဲ့ တဆက်တည်း ပြောရရင်ဒီမိုကရေစီခြိမ်းခြောက်ခံရတာဒီမိုကရေစီကိုအလွဲသုံးစားလုပ်လာတာတွေဟာ သွေးထွက်သံယိုတွေ ဖြစ်ဖို့ အလားအလာပိုများပါတယ်။ အဲဒီလိုအနေအထားမှာ တောင်တရုတ်ပင်လယ်တို့ ယူကရိန်းတို့က အင်ပါယာထူထောင်လိုတဲ့ အယူအဆတွေ ပေါင်းစပ်မိလိုက်တဲ့အခါကျတော့ သွေးထွက်သံယိုအဆင့်ထက် ပိုမယ့်အနေအထားတွေ ဖြစ်လာတယ်။ စစ်အေးကာလလိုမဟုတ်ပဲ အဓိက သရုပ်ဆောင်တွေ တကယ် ထိပ်တိုက်တွေ့ဖို့ ရာခိုင်နုံးများတယ်လို့ ကျနော်က ယူဆပါတယ်။ ၁၉၈၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ဗြိတိန်နဲ့ အာဂျင်တီးနားတို့ရဲ့ ဖေါက်ကလန်ကျွန်းစစ်ပွဲကို မမေ့သင့်ပါဘူး။ အခုက ပိုအဆင့်မြင့်တဲ့ လက်နက်တွေ နည်းပညာတွေနဲ့ နိုင်ငံအများစုပါ၀င်ပတ်သက်နေတဲ့ အနေအထားပါ။ ဒီမိုကရေစီကို အလွဲသုံးစားအသုံးချပြီး အာဏာရှင်လုပ်လိုသူတွေနဲ့ အင်ပါယာထူထောင်လိုသူတွေ အတိုင်းအတာတခုအထိ ပေါင်းစည်းမိနေကြတာလည်း ခင်ဗျားသတိထားမိမှာပါ။
(BNN) ဆိုလိုချက်တာက အင်ပါယာထူထောင်လိုသူတွေနဲ့ ပြည်တွင်းအာဏာရှင်လုပ်လိုသူတွေကတဖက် ကျန်ကမ္ဘာကြီးက တဖက်လို့ ဆိုလိုချင်တာလား
(Mr.X) အဲလိုယူမယ်ဆိုရင် ယူလို့ရပါတယ်။
(BNN)ဒါဆိုရင် အိန္ဒိယလို ဒီမိုကရေစီနိုင်ငံကြီးအကြောင်း တခါထဲမေးချင်ပါတယ်။
(Mr.X) ခင်ဗျားမေးမှာ ကျနော်သိပါတယ်။ မြန်မာ့အရေးမှာ ဒီမိုကရေစီအင်အားစုတွေဘက်က မရပ်တည်ရဲတဲ့ မေးခွန်းမို့လား။ တကယ်တန်းပြောရရင် ဘက်မလိုက်ဆိုတဲ့အသုံးကို စသုံးခဲ့တာက အရင် ယူဂိုဆလားဗီးယားခေါင်းဆောင် တီးတိုးနဲ့ အိန္ဒိယခေါင်းဆောင် နေရူးတို့ပဲဗျ။ ဘက်မလိုက်မူဆိုပေမယ့် သိရီလင်ကာပြည်တွင်းစစ်မှာ သူ့လက်ချက်က ကင်းခဲ့တာမဟုတ်ဘူးလေ။ သူပတ်သက် ခဲ့တာပဲလေ။ တရုတ်နဲ့အဆင်မပြေလို့သာ အနောက်အုပ်စုနဲ့ သူက ပေါင်းနေရပေမယ့် အိန္ဒိယနိုင်ငံခြားရေးမူ၀ါဒေါက်တိုင်မှာ ကိုလိုနီနယ်ချဲ့ခံခဲ့ရတယ်ဆိုတဲ့ အတွေးအခေါ်က လွှမ်းမိုးနေဆဲလို့ ကျနော်က မြင်မိတယ်။ မယုံဘူးပေါ့ဗျာ။ မြန်မာအရေးလည်း ဒီလိုပဲတွေးတယ်လို့ ထင်တယ်။ အရင်ကလည်း စစ်တပ်ခေါင်းဆောင်တွေနဲ့ပဲပေါင်းခဲ့ရတာ အခုလည်း ဒီအတိုင်းပဲနေမှာပဲဆိုတဲ့အတွေးလို့ထင်တယ်။ ကျနော်တဦးတည်းအမြင်ကတော့ အိန္ဒိယ နိုင်ငံခြားရေးမူ၀ါဒရေးဆွဲရေးမှာ မျိုးဆက်သစ်တွေး ခေါ်နိုင်သူတွေ မရှိဘူးလို့ပဲ ထင်တယ်။ ခင်ဗျားတို့ မြန်မာနိုင်ငံက အခု လှူပ်ရှားမူတွေမှာလည်း တကယ်ကူညီသင့်သူက အိန္ဒိယ ပဲ။
သူသာ ခေါင်းညိတ် မီးစိမ်းပြရင် အိန္ဒိယနယ်စပ်က ဒီမိုကရေစီ အတွက် စစ်တပ်ကို ခုခံနေတဲ့အင်အားစုတွေ အခုလောက်ဆို အောင်ပွဲခံနေပြီလို့ ကျနော်ကတော့ မြင်မိတာပဲ။ အခုကျ သူက မြန်မာနိုင်ငံထဲမှာ အခြေစိုက်ပြီး အိန္ဒိယကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုပဲ စစ်တပ်နဲ့ပေါင်းပြီး ဘယ်လိုဖြိုခွဲရမယ်ဆိုတာ ဦးစားပေးနေတယ်။ သူ့နိုင်ငံလုံခြုံရေးက အဓိက ဆိုတဲ့မှုနဲ့ လုပ်နေပြီး ဒီမိုကရေစီနဲ့ တိုင်းရင်းသားအခွင့်အရေးတွေအတွက် တိုက်ပွဲ၀င်နေသူတွေကို ထိထိရောက်ရောက်မကူညီရဲတဲ့ အနေအထား။ သူကတောင် အာဏာသိမ်းစစ်တပ်အတွက် ခုခံတိုက်ခိုက်မယ့် လက်နက်တွေ မြန်မာနိုင်ငံထဲမရောက်အောင် ကျိူးစားဟန့်တားပြနေတာတွေပါ တွေ့ရတယ်။ အမေရိကန် ဗြိတိန်နဲ့ သြစတေးလျှ ၃ နိုင်ငံစစ်ရေးမဟာမိတ်အဖွဲ့ဆိုတာ တကယ်က အိန္ဒိယကို အားကိုးလို့မရဘူးဆိုတာ သိလို့ ပေါ်လာတာပဲလို့ ပြောချင်တယ်။
(BNN) အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ အိန္ဒိယ ကို အားကိုးလို့မရဘူးလို့ဆိုလိုချင်တာလား
(Mr.X) အားကိုးလို့မရတဲ့အပြင် သတိပါထားသင့်တယ်လို့ ကျနော်ယူဆတယ်။ သံတမန်နယ်ပယ်မှာလည်း အိန္ဒိယ ဟာ သူလုပ်နိုင်တာတွေရှိပေမယ့် သူနဲ့မဆိုင်သလို နေနေတာပါ။ အာဏာသိမ်းစစ်တပ်ဆီကို လူသိထင်ရှား သွားတွေ့တာ အိန္ဒိယ နဲ့ ကမ်ဘောဒီးယားဆိုတာ မမေ့ပါနဲ့။ စစ်တပ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချူပ်လုပ်နေတဲ့ ထိုင်းအစိုးရလောက်တောင် အိန္ဒိယဗဟိုအစိုးရဟာ ခင်ဗျားတို့နိုင်ငံက တော်လှန်ရေးကို ကူညီပေးလို့တဲ့ စိတ်စေတနာမရှိဘူးလို့ကျနော်မြင်တယ်။ ကျနော်မှားနိုင်ပါတယ်။ ကျနော်သိတာ မြင်တာကိုပြောတာပါ။
အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်။
BNN/Exclusive Interview