၃၀/၃/၂၀၂၂
အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနအကြံပေး Derek Chollet ဟာ ဖိလစ်ပိုင် ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတွေကို စတင်ခရီးထွက်ခွါနေပြီး ဒီကနေ့ ဖိလစ်ပိုင်ကိုရောက်ဖို့ရှိတယ်လို့ မနီလာသတင်းတွေက ဖေါ်ပြပါတယ်။
ရေပြင်ပိုင်ဆိုင်မှုနဲ့ တရုတ်-ဖိလစ်ပိုင် ၂ နိုင်ငံထိပ်တိုက်ပြန်တွေ့နေရတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့အရေးတွေကို ဦးစားပေးဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လောလောဆယ် တောင်တရုတ်ပင်လယ် ဖိလစ်ပိုင်ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်တွေ ထိပ်တိုက်တွေ့လုနီးပါးဖြစ်ခဲ့ပြီးနောက်ပိုင်း အခြေအနေတွေ တင်းမာနေချိန်ဖြစ်ပါတယ်။ တချိန်တည်းမှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံစစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်လည်းဖြစ်ပါတယ်။ Derek Chollet ရဲ့ ခရီးစဥ်ဟာ ဒေသတွင်းနိုင်ငံတွေကို အမေရိကန်ရဲ့ ထောက်ခံအားပေးမှုအပြည့်ရှိကြောင်း သွားရောက်ပြသတဲ့ ခရီးစဥ်ဖြစ်တယ်ဆိုပါတယ်။ ဂျပန်ခရီးစဥ်မှာတော့ ရုရှား တရုတ် မြောက်ကိုရီးယားနဲ့ မြန်မာအရေးတွေကို ဦးစားပေးဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ကသတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။