၂၆/၄/၂၀၂၂
ယူကရိန်းကို ကျုးကျော်၀င်တိုက်ချိန်ကစပြီး ဒီကနေ့အထိ ထူးထူးဆန်းဆန်းသေဆုံးသွားတဲ့ ရုရှားဘီလျံနာ ၆ ဦးရှိပြီလို့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ သေဆုံးသူအားလုံးဟာ သမ္မတပူတင်ရဲ့အတွင်းလူတွေဖြစ်နေတဲ့အတွက် ရုရှားပြည်သူတွေက ပိုပြီး စိတ်၀င်စားနေကြတာပါ။ သေဆုံးပုံသေဆုံးနည်းတွေကလည်း ကိုယ့်ကိုကိုယ်သတ်သေတဲ့နည်းတွေဖြစ် နေလို့ ပိုပြီး အံ့အားသင့်နေကြတယ်ဆိုပါတယ်။
ဧပြီလ ၁၉ ရက်နေ့က ရုရှားဘီလျံနာ Sergey Protosenya နဲ့ မိသားစု၀င်အားလုံးဟာ စပိန်ကမ်းခြေမြို့ Lloret de Mar က နွေရာသီစံအိမ်မှာ သေဆုံးနေတာကို စပိန်ရဲတွေက တွေ့ရှိခဲ့ပါတယ်။မိသားစု၀င်အားလုံးအသတ်ခံရတာလား၊ သေကြောင်းကြံစည်တာလားဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဧပြီလ ၁၈ ရက်နေ့ကလည်း မော်စကိုမြို့လယ်က တိုက်ခန်းမှာ ရုရှားရဲ့အဓိကဘဏ်ကြီးဖြစ်တဲ့ Gazprombank အကြီးအကဲဟောင်း Vladislav Avayev ဟာမိသားစုတွေနဲ့အတူ သေဆုံးနေတယ်ဆိုပါတယ်။ မော်စကိုရဲမှုခင်းတပ်ဖွဲ့ကတော့ Vladislav Avayev ဟာ မိသားစုတွေကို အရင်ပစ်သတ်ပြီး နောက်ဆုံးမှာ သူ့ကိုယ်သူပစ်သတ်အဆုံးစီရင်သွားတာလို့ သတင်း ထုတ်ပြန်ပါတယ်။
မတ်လ ၂၄ ရက်နေ့မှာလည်း ရုရှားနိုင်ငံ Nizhny Novgorod မြို့က ဒေါ်လာသန်းရာချီတန်တဲ့နေအိမ်မှာ ဘီလျံနာ Vasily Melnikov ဟာ မိသားစု၀င်တွေနဲ့အတူ သေဆုံးနေတာကို ရုရှားရဲတွေက တွေ့ရှိခဲ့ပါတယ်။ မိသားစု၀င်တွေကို သတ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတာလို့ ရုရှားမှုခင်းရဲက သတင်းထုတ်ပြန်ပါတယ်။
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ကလည်း ဗြိတိန်မှာနေထိုင်တဲ့ ရုရှားဘီလျံနာ အသက် ၆၆ နှစ်အရွယ် Mikhail Tolstosheya ဟာ ဗြိတိန်က သူ့စံအိမ်တော်မှာ ကိုယ့်ကိုကိုယ် သတ်ပြီး သေဆုံးနေတာကို ဗြိတိန်ရဲတွေက တွေ့ရှိခဲ့ပါတယ်။
အလားတူ အသက် ၆၁ နှစ်အရွယ်ရှိ ဘီလျံနာ Alexander Tyulakov ဟာ ကျုးကျော်စစ်စပြီး နောက်ရက် ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားကြောင်း ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ Alexander Tyulakov ဟာ ရုရှားရေနံကုမ္ပဏီGazprom ရဲ့ ဘဏ္ဍာရေး တာ၀န်ခံဖြစ်ပါတယ်။
အခုလို ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုသူအားလုံးဟာ ပူတင်ရဲ့လူယုံတွေဖြစ်သလို ရေနံနဲ့ဓါတ်ငွေ့ လုပ်ငန်းလုပ်ပိုင်ခွင့်တွေနဲ့ ချမ်းသာလာသူတွေဖြစ်ပါတယ်။
လွတ်လပ်တဲ့ရုရှားသတင်းတွေကတော့ သေဆုံးမှုတွေဟာ မရိုးသားဘူးလို့သုံးသပ်ကြပါတယ်။ ယူကရိန်းကျူးကျော်စစ်မတိုင်ခင်ကာလတွေက ပူတင်နဲ့အဆင်မပြေတဲ့ ဘီလျံနာသူဌေးတွေကို ရုရှားထောက်လှမ်းရေးက သတ်ဖြတ်ခဲ့ပြီး ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်သွားတယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ထပ်တူ တူနေတယ် ဆိုပါတယ်။ လက်ရှိ ယူကရိန်းကျုးကျော်စစ်ကို ရပ်ဆိုင်းဖို့ ပြောဆိုသူတွေဟာ အနောက်နိုင်ငံအလိုကျပြောဆိုနေသူတွေဖြစ်လို့ နိုင်ငံရဲ့ သစ္စာဖေါက်တွေအဖြစ်သတ်မှတ်ပြီး ရှင်းထုတ်ပစ်ရမယ်လို့ ပူတင်ကိုယ်တိုင်က လူသိထင်ရှားပြောဆို ထားတာလည်းဖြစ်ပါတယ်။
BNN