ယူကရိန်းနိုင်ငံ ခဲ့ဆောန်ပြည်နယ် စစ်မြေပြင်ကနေ တပ်တွေ ဆုတ်ခွါရမှုအတွက် အဓိက တာဝန်ရှိတဲ့ အလယ်ပိုင်းဒေသ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အလက်ဇန်ဒါး လာပင်ကို ရာထူးက ဖယ်ရှားလိုက်ကြောင်း ရုရှားသတင်းတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ချေချင်းညာ တပ်ရင်း တစ်ရင်းကို ယူကရိန်းက ဟိုင်းမားစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်နှိမ်နှင်းရာမှာ တပ်ရင်း တစ်ရင်းလုံးနီးပါး သေကြေဒဏ်ရာရတယ်ဆိုပါတယ်။
ချေချင်း ညာတပ်သားတွေက ဗိုလ်ချုပ် အလက်ဇန်ဒါးကို ဆက်သွယ်အကူအညီတောင်းပေမဲ့ ဆက်သွယ်လို့ မရခဲ့သလို ဘာအကူအညီမှလည်း မပေးခဲ့ဘူးလို့ ချေချင်းညာခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်က သူ့လူမှု ကွန်ရက်မှာ အောက်တိုဘာ ၇ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ဗိုလ်ချုပ်လာပင်ဆိုသူ ဘယ်ရောက်နေလဲ” ဆိုပြီး လည်း ရမ်ဇန် ကာဒီရော့ဗ်က လှောင်ပြောင်ခဲ့ပါတယ်။ “ရုရှားနိုင်ငံတော်ကို ကာကွယ်ဖို့ ချေချင်းညာစစ်တပ်နဲ့ ဝက်ဂနာကြေးစားတပ်ကိုပဲ အားကိုးလို့ရမယ်” လို့ ကာဒီရော့ဗ်က ပြောခဲ့ပါတယ်။
သူပြောအပြီး နှစ်ရက်အကြာမှာ ဗိုလ်ချုပ်အလက်ဇန်ဒါး လာပင်ကို ရာထူးကဖယ်ရှားလိုက်ပြီဆိုတဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
အလက်ဇန်ဒါး လာပင်ဟာ ကျူးကျော်စစ် စတင်ချိန်ကစပြီး ရာထူးကဖယ်ရှားခံရတဲ့ ငါးဦးမြောက် ယူကရိန်း စစ်မြေပြင် တာဝန်ခံ ဗိုလ်ချုပ် ဖြစ်ပါတယ်။ သူ့သားဖြစ်သူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလည်း ပြီးခဲ့တဲ့အပတ်က ဘဲလ်ဂိုရောဒ့် တပ်သားသစ် လေ့ကျင့်ရေးကွင်းမှာ တပ်သားသစ် စုဆောင်းခံရတဲ့ တာဂျစ်နိုင်ငံသားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။
(ချေချင်းညာတပ်ရင်းကို ဟိုင်းမားစ်ထိမှန်သည့် ဗီဒီယိုများကို https://t.me/burmanewsnetwork မှာ ကြည့်ရှုနိုင်ပါသည်။)