မတ် ၁၁-၂၀၂၂
ရန်ကုန်က မြို့နယ်အချို့မှာ လျှပ်စစ်မီး အချိန်ကြာပြတ်တောက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ လျှပ်စစ်မီးကို တစ်နေ့လျှင် ၆ နာရီ ခန့်သာ ပေးနေပြီး ယင်းသို့ ရရှိသည့် အချိန်မှာလည်း အပိုင်းလိုက်ခွဲကာ ရရှိနေခြင်း ဖြစ်ပါတယ်။
မီးမလာတဲ့အတွက် ရေပါ တင်မရ ဖြစ်တာကြောင့် ရေကို ဝယ်ယူ သုံးစွဲ နေကြရပါတယ်။ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ တာမွေ၊ တောင်ဥက္ကလာ ၊ သာကေတ၊သင်္ဃန်းကျွန်းနဲ့ ဗိုလ်တစ်ထောင်မြို့နယ် နေထိုင်သူတွေဟာ လျှပ်စစ်မီးအချိန်ကြာပြတ်တောက် တဲ့ အပြင် ရေပါ တင်မရတာကြောင့် ရေကို ဝယ်ယူသုံးစွဲနေရကြောင်းသိရပါတယ်။
မီးပျက် တာနဲ့ တဆက်တည်း ဆိုသလို မီးစက်တွေပါ ရောင်းအားကောင်းနေပါတယ် ။ ရန်ကုန်မြို့ရဲ့ မြို့လည်ခေါင်က မီးစက်ဆိုင်တွေမှာ လူတွေတန်းစီပြီး မီးစက်ဝယ်နေကြပါတယ်။ ရန်ကုန်မြို့ ဘယ်နေရာ ကို သွားသွား မီးစက်သံ တညံညံကို ကြားရမှာ ဖြစ်ပါတယ်။
အခုလိုလျှပ်စစ်မီးကို လုံလောက်စွာ မပေးဝေနိုင်တဲ့အတွက်ကြောင့် ပြည်သူတွေဟာ ဒုက္ခဝေဒနာ မျိုးစုံ နဲ့ ကြုံတွေ့နေရပါတယ်။ ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်နေ ပြည်သူတစ်ဦးကတော့ “ ကျနော်တော့ အတော်လေး စိတ်ပျက်နေပါပြီ ၊ မနက်ဆိုလည်း မီးက မနက် ၃နာရီလောက်လာတယ် ပြီးတော့ ၅ နာရီမှာ ပျက်သွားရော ၊ ရုံးသမား ဖြစ်တော့ ပိုဆိုးတယ် ထမင်းချိုင့် ထည့်မရတော့ဘူး ဝယ်စားရပြီ အဲမှာ ကုန်ပြီတစ်ချက် ၊ နောက်ပြီး မီးပျက်လို့ ဆိုပြီး အင်ဗာတာလေးသွားဝယ်တယ် စျေးတွေတက်နေတယ် မဝယ်နိုင်ခဲ့ဘူး ၊ ကဲ အခု ဘယ်လိုလုပ်မလဲ ၊ ဘယ်နေရာ ကများ တအားတွေကောင်းနေလဲ ” ဟု မေးခွန်းထုတ် ပြောကြားလာပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ ပြည်သူတစ်ဦးက “ ရေများ ဗျာ ဝယ်ချင်တိုင်း ဝယ်လို့မရဘူး မီးစက်နဲ့လိုက်မောင်းပေးတာ တစ်နာရီတစ်သောင်းပေးရတယ် ၊ စျေးဆစ်ဖို့ တော့ မမေးနဲ့ အဲဒါကို ပဲ လုဝယ်နေရတယ်” လို့ သူကပြောပါတယ်။
အရှေဒဂုံမှာနေထိုင်သူပြည်သူ တစ်ဦးကလည်း “ ဒီဘက်မှာလည်း မီးအကုန်ပြတ်တာ၊ အခု ရေဝယ်သုံးတာ ရေတစ်စည်ကို ၇၀၀၀ ပေးရတယ်၊ ဒီလိုပုံစံအတိုင်းဆက်သွားနေရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်” လို့ ပြောပါတယ်။
ရန်ကုန်ရှိ မြို့နယ်အချို့မှာ မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရေပေးဝေရေးစခန်းတွေက ရေကို ယူသုံးရပြီး ရေပေးဝေမှုမှာ အလှည့်ကျနဲ့ပေးတာကြောင့် အခုလိုအခက်အခဲဖြစ်ရတာလို့ တောင်ဒဂုံမြို့နယ်၊ လဂွန်းပြင်ရေပေးဝေရေးစခန်းက ရေယူသုံးနေသူတစ်ဦးက ပြောပါတယ်။
“ မပေးတာမဟုတ်ဘူး ပေးတယ်၊ သူတို့ပေးတဲ့ အချိန် မီးပျက်နေတယ် မီးလာတော့ ရေတော့ပေးတယ် ဒါပေမယ့် အခြားရပ်ကွက်ကိုရောက်သွားရော “ လို့ သူကပြောပါတယ်။
စီးပွားရေး လုပ်ငန်း ရှင်တွေ အနေနဲ့ လည်း မီးပျက်တဲ့ ဝေဒနာကို ခံစားကြရပါတယ်။ စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်တစ်ဦးက BNN ကို အခုလို ပြောပါတယ်” ကဲ ကျနော်ဆိုင်ကတော့ မလွယ်တော့ ဘူးဗျ ၊ စျေးက တက်မှ ရတော့မှာ ဖြစ်နေတယ် အကုန်စျေးကြီးနေတယ် ၊ အခုဆို မီးပျက် တယ် မီးစက်နှိုးဖို့ကို အတော် စဉ်းစားရတယ် တကယ်ကြီး လိုမှ နှိုးရတယ် ၊ ဆီစျေးကလည်း ခေါင် မိုး ပေါက်ထွက်တော့ မယ်လေ ၊တက်နေတာ ၊ အခုဆို လူတွေကလည်း သိပ်လာ မစားကြတော့ဘူး ၊ လုပ်ငန်းက စားသောက်ဆိုင် လုပ်ငန်း လူတွေကလာမစားတော့ မစားမသောက်ဆိုင် လုပ်ငန်းလို့ ပြင်ရမလိုလို ပဲ ဗျာ ” ဟု ပြောကြားပါတယ်။
ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်း ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီမံကိန်းတွေ မျိုးစုံ လုပ်မယ် ဆိုတာကို ရုပ်သံ တွေကနေ ပြောကြားတာမျိုးတွေရှိပါတယ်။ အဲဒီထဲကမှ လျှပ်စစ်ကား ကိစ္စ ကို ထည့်သွင်းပြောကြားခဲ့တာတွေရှိပါတယ်။ ဒီလိုအခြေအနေ တွေနဲ့ လျှပ်စစ်ကားတွေ ဘယ်လို ထုတ် မလဲ ဘယ်လိုတွေ လုပ်မလဲ ဆိုတာကို မေးခွန်း ထုတ်ကြည့်ချင် ပါတယ်။ လက်ရှိမှာတော့ ပြည်သူတွေဟာ မီးအခက်ခဲ ၊ ရေ အခက်အခဲ မျိုးစုံ ကို ရင် ဆိုင် ကျော်လွှားနေကြရ ပါပြီ။ ပြည်သူအားလုံးဟာ မအလစနစ်တကျဖန်တီးတဲ့ ဖြတ် (၄) ဖြတ်နဲ့ ရင်ဆိုင်နေရပြီလို့ ပြောရပါလိမ့်မည်။ ရေလာ မီးလာရင်ကို ကျေးဇူးတင်နေအောင်ဖန်တီးထားတဲ့ စနစ်ကို ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ရုန်းကန် မဖျက်ဆီး မဖြိုချနိုင်ရင်တော့ …….
BNN/Real Life