၅/၄/၂၀၂၂၂
ရုရှားနိုင်ငံက အလယ်တန်းနဲ့ အထက်တန်းတွေမှာ စီးပွါးရေးပိတ်ဆို့မှုနဲ့ပတ်သက်တဲ့ ဘာသာရပ်တခု ထဲ့သွင်းသင်ကြားဖို့ ပညာရေး၀န်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ရုရှားပညာရေး၀န်ကြီးဌာနရဲ့ညွှန်ကြားချက်အရဆိုရင် အရေးပေါ်သင်ရိုးညွှန်းတမ်းမှာ အဓိကအချက် ၂ ချက် ပါရမယ်လို့ ဖေါ်ပြပါတယ်။
ပထမအချက်ကတော့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွါးရေးပိတ်ဆို့မှုဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုကို မနာလို မရှုစိမ့်ရာက ပေါ်ပေါက်လာတဲ့ ကိုလိုနီဝါဒဆိုတာကို အခြေခံပြီး သင်ကြားပေးရမယ်ဆိုပါတယ်။ လက်ရှိပိတ်ဆို့ထားမှုတွဟာ ယူကရိန်းစစ်ပွဲနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာကို ထင်ရှားတဲ့ ဥပမာတွေနဲ့သင်ကြားပြဖို့ အကြံပေးတွေနဲ့ တိုင်ပင်ရေးဆွဲရမယ် လို့လည်းဖေါ်ပြထားပါတယ်။
ဒုတိယအချက်ကတော့ လက်ရှိ အနောက်နိုင်ငံတွေက မနာလိုမရှုစိမ့်လို့ စီးပွါးရေးလိုက်ပိတ်နေပေမယ့် ရုရှားရဲ့ စီးပွါးရေးနဲ့ ရုရှားပြည်သူတွေရဲ့ နေ့စဥ်ဘ၀တွေကို ထိခိုက်မှုမရှိဘူးဆိုတာကို သင်ကြားပေးရမယ်ဆိုပါတယ်။ တစ်ခြားပိတ်ဆို့ခံထားရဘူးတဲ့ နိုင်ငံတွေက ကောင်းတဲ့အချက်အလက်တွေကို ရွေးထုတ် မှီငြမ်းရှင်းပြရမှာဖြစ်သလို စီးပွါးရေးပိတ်ဆို့မှုတိုင်းဟာ နိုင်ငံတနိုင်ငံရဲ့အစိုးရနဲ့ တိုးတက်မှုတွေကို ဖျက်ဆီးနှောက်ယှက်နိုင်စွမ်းမရှိဘူးဆိုတာ ရှင်းပြဖို့လည်း ရုရှားပညာရေး၀န်ကြီးဌာနညွှန်ကြားချက်မှာ ဖေါ်ပြထားပါတယ်။
အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေကြောင့် ကုန်စျေးနှုန်းတွေတက်လာသလို ချမ်းသာတဲ့သူတွေ လူလတ်တန်းစားပညာတတ်တွေက နိုင်ငံခြားကို ထွက်ပြေးနေကြတာနဲ့ ရုရှားပြည်သူတွေကြား မတည်မငြိမ်ဖြစ်လာနေတဲ့အတွက် ဝါဒဖြန့်ထိမ်းချုပ်ဖို့ ကရင်မလင်ရဲ့ ကျိုးစားမှုတခု ဖြစ်နိုင်တယ်လို့ မော်စကိုက လွတ်လပ်တဲ့သတင်းဌာနတွေက သုံးသပ်ပါတယ်။ လောလောဆယ်ရုရှားမှာ စျေးနှုန်းတွေက ၃၀ ကနေ ၇၀ ရာခိုင်နှုံးအထိ မြင့်လာသလို တချို့ပစည်းတွေဆိုရင် ရှားပါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်လာနေရတယ်ဆိုပါတယ်။
အဆိုးဝါးဆုံးကတော့ နေ့စဥ် သုံးစွဲနေရတဲ့ သကြားနဲ့ ဆေးဝါးတွေလို့ မော်စကိုသတင်းတွေက ဖေါ်ပြပါတယ်။ ရုရှားနိုင်ငံက အသုံးပြုနေတဲ့ ဆေးဝါးနဲ့ ဆေးရုံဆေးခန်းသုံးပစ္စည်းတွေရဲ့ ၇၅ ရာခိုင်နှုံးဟာ အနောက်နိုင်ငံကုမ္ပဏီတွေကို မှီခိုနေရတာလို့လည်း လွတ်လပ်တဲ့ မောစကိုသတင်းတွေမှာ ဖေါ်ပြနေပါတယ်။