(ဘယ်လာရုစ်မိတ်ဆွေ သတင်းထောက်တဦးနှင့် အလွတ်သဘောပြောဆိုမေးမြန်းသည်ကို တင်ပြပါသည်)
(BNN) အခုကမ္ဘာကြီးက ယူကရိန်းမှ ယူကရိန်းဖြစ်နေတာဘာကြောင့်လဲ တခြားနေရာတွေမှာလည်း မတရားမှုတွေဖြစ်နေတာပဲ
ပထမအချက်ကတော့ လူမုန်းများတဲ့နိုင်ငံကြီးတနိုင်ငံက အင်အားသေးတဲ့ နိုင်ငံလေးကို အနိုင်ကျင့်သလို ဖြစ်နေတာ။
ပိုအရေးကြီးတဲ့ ဒုတိယအချက်ကတော့ ယူကရိန်းခေါင်းဆောင်နဲ့အစိုးရရဲ့ ထူးခြားချက်ပဲ။ သူတို့က အစိုးရတွေကိုပဲ အားကိုးပြီးပြောတာမဟုတ်ဘူး။ နိုင်ငံတကာပြည်သူတွေကိုပါ သူတို့ပြောချင်တာ သူတို့လိုချင်တာကို တိုက်ရိုက်ပြောလို့ရအောင် ကျိူးစားတာတွေ့ရတတယ်။ နိုင်ငံတကာအစိုးရကိုပဲ အားကိုးနေတာမဟုတ်ပဲ နိုင်ငံတကာပြည်သူတွေကိုပါ အားကိုးတယ်။ ဒါကြောင့် နိုင်ငံတကာအစိုးရတွေက လာတိုက်မပေးရင် နိုင်ငံတကာပြည်သူတွေက လာတိုက်ပေးကြပါဆိုတာကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။
(BNN) ဒီလောက်ကူညီနေတာကိုတောင် ယူကရိန်းအစိုးရက NATO က လေယာဥ်မပျံသန်းရဇုံမကြေညာတဲ့အပေါ် မကျေမနပ်ပြောနေတာလဲ။
(ယူကရိန်းခေါင်းဆောင်တွေထူးခြားချက်က ကူညီထောက်ခံပေးနေသူတွေ ငြိုငြင်သွားမလားဆိုတဲ့ စိတ် လုံး၀မထားပဲ သူတို့လိုချင်တာကို တဆင့်ချင်း လက်တွေ့လုပ်ပြပြီးတောင်းဆိုတာတွေ့ရတယ်။ တချို့ နိုင်ငံရေး တော်လှန်ရေးခေါင်းဆောင်တွေက ငါ့ကိုပေးထားတာလေးများ ဖြတ်တောက်သွားမလားဆိုတဲ့ စိတ်နဲ့ အကုန်ဖွင့်မပြောရဲကြဘူး။
ယူကရိန်းခေါင်းဆောင်တွေကတော့ ဒီမိုကရေစီလား အာဏာရှင်လားဆိုတဲ့ ( With Democrcay or Against it ) မူကိုပဲ ကိုင်စွဲပြီး ဘက်တဖက်ကို အပြတ်ရပ်ခိုင်းပြီး ရပ်တည်တောင်းတာဖြစ်လို့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပြောနေတဲ့နိုင်ငံတွေက သူတို့တောင်းဆိုချက်ကို ငြင်းဆိုဖို့ခက်လာတာတွေ့ရတယ်။ အခုလည်း မပျံသန်းရဇုံ မသတ်မှတ်ရဲရင် လေယာဥ်တွေပေး လေယာဥ်ပစ်လက်နက်တွေပေးဆိုတာကို တောင်းဆိုတယ်။ မငြင်းနိုင်တဲ့တောင်းဆိုမူတွေဆိုတာတွေ့ရမှာပါ။
(BNN) ရုရှားက အင်အားဒီလောက်သုံးနေတာတောင် ဘာကြောင့် ပွဲက မြန်မြန်ပြီးမသွားတာလဲ
အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ ဗြိတိန်ရဲ့ကောင်းကင်ထောက်လှမ်းရေးသတင်းတွေက အဓိက အရေးပါတယ်လို့ ထင်ပါတယ်။ ဒီတခါ သူတို့သတင်းတွေဟာ တိကျမှန်ကန်နေတာတွေ့ရတယ်။ အစက ယူကရိန်းအစိုးရကတောင် အင်နဲ့အားနဲ့တိုက်ဖို့ပြင််နေပြီဆိုတဲ့ အမေရိကန်က ပြောတာမယုံခဲ့ပါဘူး။ နောက်တခုက ယူကရိန်းစစ်တပ်နဲ့ အရံတပ်ဖွဲ့ တွေရဲ့ နေရာလှူပ်ရှားမှုတွေကို လူမူကွန်ယက်မှာ မတင်ကြဖို့ ယူကရိန်းအစိုးရက ပြည်သူတွေကို တိုက်တွန်းသလို ပြည်သူတွေကလည်း လိုက်နာတာတွေ့ရတယ်။ လူမူကွန်ယက်မှာ ရုရှားတပ်တွေလှုပ်ရှားမှုတွေပဲ တွေ့ရပြီး ယူကရိန်းတပ်တွေ လှုပ်ရှားသွားလာမှုက မတွေ့ရသလောက်ဖြစ်သွားတယ်။ ရုရှားက စုံစမ်းထောက်လှမ်းလို့မရအောင်ကို ယူကရိန်းတပ်တွေက စစ််ပွဲမဖြစ်ခင်ကတည်းက ကိုယ်ရောင်ဖျောက်ထားနိုင်တယ်။ ကောင်းကင်က ထောက်လှမ်းရေးက ရုရှားမှာ ဒရုန်းလောက်ပဲရှိတယ်။ အမေရိကန်လို ဂြိုလ်တုက ထောက်လှမ်းဖို့ သူ့မှာ အားမရှိဘူး။ ရုရှားက တင့်ကားနဲ့ အ၀ေးပစ်ဒုံးကျည်တွေအားကိုးတိုက်မယ်ဆိုတာ ကောင်းကင်ထောက်လှမ်းရေးက အသေအချာကြည့်ထားတော့ အဲဒါတွေကို ဖျက်ဆီးနိုင်မယ့် လက်နက်တွေပဲ အနောက်နိုင်ငံတွေက ကြိုပို့ထားတာတွေ့ရတယ်။
နောက်တခုက ရုရှားနိုင်ငံရေးအသိုင်းအ၀ိုင်းက ယူကရိန်းကို လျှော့တွက်တာလည်းဖြစ်နိုင်သလို ရုရှားထောက်လှမ်းရေးသတင်းတွေက အမှားတွေ ရနေတာ ပေးနေတာလည်းဖြစ်နိုင်တယ်။ ကရင်မလင်နဲ့ ရုရှားအထက်တန်းလွှာထင်နေတာက ယူကရိန်းကို အင်နဲ့အားနဲ့ ၀င်ပြလိုက်ရင်ကို ယူကရိန်းစစ်တပ်ကပြိုကွဲလက်နက်ချမယ်။ ဒါမှမဟုတ် ယူကရိန်းစစ်ခေါင်းဆောင်တွေက အစိုးရကို ဖြုတ်ချပြီး သူတို့နဲ့ပေါင်းလာမယ်လို့ ထင်ထားပုံလည်းရတယ်။
ပြည်သူတွေက ယူကရိန်းအစိုးရကို မထောက်ခံဘူးဆိုတဲ့ သတင်းမှားတွေကို ပူတင်က ယုံကြည်နေတာလည်း ဖြစ်နိုင်တယ်။ စတိုက်တုန်းက ပူတင်က ပြောခဲ့တာပဲ လက်နက်ချပြီး အိမ်ပြန်ကြဖို့ ဆိုတဲ့စကား။ ပူတင်စကားကလည်း ယူကရိန်းတပ်မတော်ကို ပိုညီညွတ်သွားစေတယ်ထင်တယ်။ သူတို့အစွမ်းအစကို စော်ကားသလိုဖြစ်တာကို။
ယူကရိန်းတပ်တွေ ဘယ်နားရှိမှန်းမသိရပဲ ၀င်လာရသလို ပြည်သူတွေကလည်း ရုရှားတပ်တွေကို မထောက်ခံပဲ ဘယ်မြို့ ဘယ်နားမှာ ရုရှားတပ်တွေ ဖြတ်သွားပြီ။ ဘာလက်နက်တွေပါတယ်ဆိုတာကအစ လူမူကွန်ယက်ကတဆင့် သတင်းတွေပေးကြတော့ ရုရှားတပ်တွေ အထိနာတာပေါ့။ လေကြောင်းက ဗုံးကြဲတာတောင် အရပ်ဖက် လေယာဥ်တွေထားတဲ့နေရာတွေပဲ သွားကြဲရသလိုဖြစ်သွားတယ်။ အခု အရပ်ဖက်တွေ ကို ဗုံးကြဲတိုက်ခိုက်တာကလည်း ရှက်ရမ်းရမ်းပြီး လုပ်တယ်လို့ပဲ မြင်တယ်။
(ဒုတိယနဲ့ နောက်ဆုံးပိုင်းကို ဆက်လက်ဖေါ်ပြပေးပါမည်။)
BNN/Special Talk