(သတင်းဆောင်းပါး)
၂၃ ဒီဇင်ဘာ ၂၀၂၁
ကြိုတင်ပြင်ဆင်ထားတာမဟုတ်တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အတွင်းဝန် Harsh Shringla ရဲ့ မြန်မာပြည်ခရီးစဉ် အစမှာ စိတ်ဝင်စားစရာကတော့ ကိုဗစ်ကာကွယ်ဆေး ၁ သန်းကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းကို လှူဒါန်းခဲ့ခြင်းပါပဲ။ လှူဒါန်းတဲ့ဆေးတွေကို အိန္ဒိယ-မြန်မာနယ်စပ်က မြန်မာတိုင်းရင်းသားတွေကိုပါ ပေးရမယ်ဆိုတဲ့သတ်မှတ်ချက်ပါဝင်နေပါတယ်။
မြန်မာပြည်ခရီးစဉ်မလာခင်လေးမှာ အမေရိကန်သံအမတ်တာဝန်ယူခဲ့ဘူးတဲ့ အတွင်းဝန် Harsh Shringla ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တချို့နဲ့ ဆွေးနွေးခဲ့ပါသေးတယ်။ သူ့ခရီးစဉ်အတိုင်ခင် ၁ ပတ်လောက်မှာ အာဏာသိမ်းစစ်တပ်က အိန္ဒိယကအလိုရှိနေတဲ့ မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ Revolutionary People’s Front (RPF) အဖွဲ့ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးပြီး အိန္ဒိယကိုလွှဲပြောင်းပေးခဲ့တာတွေ့ရပါတယ်။

Revolutionary People’s Front (RPF) အဖွဲ့ဟာ တရုတ်အစိုးရရဲ့ကူညီထောက်ခံမှုနဲ့ မြန်မာနယ်စပ်မှာအခြေစိုက်ပြီး အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ the People’s Liberation Army (PLA) ရဲ့ နိုင်ငံရေးအဖွဲ့ပါ။ အိန္ဒိယ-မြန်မာနယ်စပ်မှာ မတည်မငြိမ်ဖြစ်နေအောင် တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံထဲက နာဂလက်နက်ကိုင်အဖွဲ့နဲ့မဟာမိတ်လုပ် လှူပ်ရှားနေတဲ့အဖွဲ့လို့ အိန္ဒိယအစိုးရက ဆိုထားပါတယ်။

မကြာသေးခင်က အာသံရိုင်ဖယ်တပ်မှူးနဲ့မိသားစုကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။ မြန်မာနယ်စပ်မှာ တရုတ်ကကူညီနေတဲ့ အဆိုပါ အာသံနဲ့ မဏိပူလက်နက်ကိုင်အဖွဲ့တွေကို ကူညီကာကွယ်ပေးတာမလုပ်ဖို့ အိန္ဒိယ အစိုးရက အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ဘူးပါတယ်။ ဒါပေမယ့် စစ်အစိုးရအဆက်ဆက်က တရုတ်ဖိအားနဲ့ အိန္ဒိယရဲ့တောင်းဆိုမှုကို မလိုက်လျောခဲ့ဘူးလို့ အိန္ဒိယသတင်းတွေက ဖေါ်ပြပါတယ်။

အရပ်သားသမ္မတဦးဝင်းမြင့်လက်ထက်ရောက်မှ မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးထောင်ချခံရပြီး သမ္မတလွတ်ငြိမ်းချမ်းသာအမိန့်နဲ့ပြန်လွတ်ပေးခဲ့တဲ့ အိန္ဒိယသူပုန် (၂၀) ကျော်ကို ၂၀၂၀ ခုနှစ်ကမှ အိန္ဒိယနိုင်ငံကို တရားဝင်လွှဲပြောင်းပေးခဲ့တယ်ဆိုပါတယ်။ အခု ချင်းပြည်နယ် နဲ့စစ်ကိုင်းတိုင်းတွေမှာ အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှမ်မှုတွေပြင်းထန်လာချိန်ကျမှ မြန်မာစစ်တပ်က သူပုန်ခေါင်းဆောင် (၅) ဦးကို အိန္ဒိယအစိုးရကို ကောက်ခါငင်ခါ လွှဲပြောင်းပေးခဲ့တာပါ။

ပြန်လည်လွှဲပြောင်းပေးတဲ့ သူပုန် (၅) ယောက်က စစ်တပ်က ဘယ်တုန်းက ဘယ်လိုဖမ်းမိထားတယ်ဆိုတာလည်းရှင်းရှင်းလင်းလင်းမရှိဘူးဆိုပါတယ်။ တရုတ်က ကူညီပေးနေတဲ့ အိန္ဒိယသူပုန်တွေကို မြန်မာစစ်တပ်က အခုမှ ဘာလို့လွှဲပြောင်းပေးတာလဲဆိုတာမေးခွန်းထုတ်စရာရှိသလို အတွင်းဝန်ရဲ့ခရီးစဉ်ဟာ အဲဒီဖြစ်ရပ်နဲ့သက်ဆိုင်နေသလားလို့လည်း အိန္ဒိယသတင်းတွေက မေးခွန်းထုတ်နေပါတယ်။
ဒါပေမယ့် အိန္ဒိယသံရုံးရဲ့ တရားဝင် တွစ်တာအကောင့်မှာ သမ္မတဦးဝင်းမြင့်နဲ့ အိန္ဒိယဝန်ကြီးချုပ်ပုံကိုပဲ သုံးစွဲနေသလို ကိုဗစ်ကာကွယ်ဆေးကို ကြက်ခြေနီအသင်းကတဆင့်လှူဒါန်းတာတွေကိုကြည့်ရင် အိန္ဒိယဟာ အမေရိကန်အပါအဝင် မြန်မာ့ဒီမိုကရေစီမိတ်ဆွေနိုင်ငံတွေရဲ့ ရပ်တည်ချက်အတိုင်း ရက်တည်နေတယ်လို့ယူဆနိုင်ပါတယ်။ လှူဒါန်းတဲ့ကိုဗစ်ကာကွယ်ဆေးတွေကို အိန္ဒိယနဖယ်စပ်က ပြည်သူတွေပါပေးရမယ်ဆိုတဲ့အချက်ဟာအမည်နာမတွေပြောမသွားပေမယ့် စစ်ရှောင်ပြည်သူတွေ တိုက်ပွဲဝင်နေသူတွေလို့ မှတ်ယူနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်နဲ့ ဟန်ချက်ထိမ်းကစားနေရတဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စိတ်ဝင်တစားစောင့်ကြည့်ထိုက်တဲ့ခရီးစဉ်ပါပဲ။
BNN/Article